ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ စပိန်လာလီဂါ နာမည်ကြီးကလပ် ဘီလ်ဘာအိုတို့ရဲ့ ကစားသမားဟောင်း ဂျာဗီ မာတီနက်ဇ်က သူ့ရဲ့ ဆရာဟောင်း ဟန်ဆီ ဖလစ်ခ်ဟာ ဘာစီလိုနာရဲ့ နည်းပြချုပ်ရာထူးနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် ဝါရင့် ကွင်းလယ်ခံစစ် ကစားသမား ဂျာဗီ မာတီနက်ဇ်က ဘီလ်ဘာအိုနဲ့ ဘိုင်ယန်မြူးနစ်တို့မှာ ကာလရှည် ကစားခဲ့ဖူးတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ယခုချိန်မှာတော့ ကာတာဒေသတွင်းကလပ် Qatar SCမှာ ကစားနေပါတယ်။

Photo Credit: Football Transfer

ဂျာဗီ မာတီနက်ဇ်က ဘိုင်ယန်မြူးနစ်မှာ ကစားခဲ့စဉ်က ဟန်ဆီ ဖလစ်ခ်နဲ့အတူ လက်တွဲဖူးသလို ချန်ပီယံလိဂ် ၊ ဥရောပစူပါဖလား ၊ ကမ္ဘာ့ကလပ်ဖလား ၊ ဘွန်ဒက်လီဂါဖလား ၊ ဂျာမန်စူပါဖလား ၊ ဂျာမန်ပိုကယ်ဖလား စတဲ့ ဆုဖလားတွေကို အတူတကွ သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

လတ်တလောမှာတော့ စပိန်ထိပ်သီးကလပ် ဘာစီလိုနာက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့အသင်းကို စွန့်ခွာတော့မယ့် နည်းပြချုပ် ဇာဗီရဲ့ နေရာအတွက် ဟန်ဆီ ဖလစ်ခ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေသလို ဟန်ဆီ ဖလစ်ခ်က ဘာစီလိုနာကို ကိုင်တွယ်ဖို့ စပိန်ဘာသာစကားကိုတောင် စတင် သင်ယူနေပြီ ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

Photo Credit: Standard

လာလီဂါပြိုင်ပွဲမှာ အချိန်အတော်ကြာ ကစားခဲ့ဖူးသလို ဟန်ဆီ ဖလစ်ခ်နဲ့လည်း လက်တွဲခဲ့ဖူးတဲ့ မာတီနက်ဇ်ကတော့ ဟန်ဆီ ဖလစ်ခ်ဟာ ဘောလုံးပိုင်ဆိုင်မှုကို အသားပေး ကစားတတ်တဲ့ နည်းပြတဦး ဖြစ်တာကြောင့် ဘာစီလိုနာနဲ့ သင့်တော်ကြောင်း ထောက်ခံ ပြောဆိုလာပါတယ်။

မာတီနက်ဇ်က – “ဖလစ်ခ်ရဲ့ ကစားပုံက ဘာစီလိုနာရဲ့ ကစားပုံနဲ့ တပုံစံထဲပါပဲ။ သူ့ရဲ့ လက်အောက်မှာ ကျွန်တော်တို့က ပပ် ပုံသွင်းခဲ့တဲ့ ကစားဟန်အတိုင်း ကစားခဲ့ကြပါတယ်။ ပြီးတော့ ခံစစ်ကြောင်း ကနေ တိုက်စစ်စတဲ့ ကစားပုံကိုလည်း စကစားခဲ့ကြပါတယ်။ ဖလစ်ခ်ရဲ့ လေ့ကျင့်ခန်းတွေ အားလုံးက ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေချည်းပါပဲ။ ဒါပေမယ့် လေ့ကျင့်ခန်းတိုင်းမှာ ဘောလုံးကို အသုံးပြုရမယ့် အပိုင်းတွေ အမြဲတမ်း ပါခဲ့ပါတယ်” လို့ ပြောကာ ဖလစ်ခ်ဟာ ဘာစီလိုနာနည်းပြရာထူးနဲ့ သင့်တော်ကြောင်းကို ထောက်ခံ ပြောဆိုသွားခဲ့တာပါ။