MySport Myanmar

ဒဏ်ရာကြောင့် ၂၀၂၄မှသာ ပြန်ကစားနိုင်တော့မယ့် လီဆန်ဒရို မာတီနက်ဇ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ်ဟာ သူရဲ့ ခြေဖဝါး ဒဏ်ရာကြောင့် ၂၀၂၄ခုနှစ် နှစ်စပိုင်းမှသာ ဘောလုံးပြန်ကစားနိုင်တော့မယ်လို့ သိရှိရပါတယ်။

အာဂျင်တီးနား လက်ရွေးစင် ဗဟိုခံစစ် ကစားသမား မာတီနက်ဇ်ဟာ အခုအခါမှာ သူရဲ့ ခြေဖဝါးဒဏ်ရာကို ဒုတိယအကြိမ်အဖြစ် ခွဲစိတ်မှု ခံယူသွားရတော့မှာဖြစ်ပြီး ခွဲစိတ်မှု ပြီးဆုံးသွားရင်တော့ (၂)လကနေ (၃)လလောက်အထိ ဆက်လက် အနားယူသွားရမှာပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ နွေဈေးကွက်ကမှ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ အာဂျင်တိုင်း နောက်ခံလူ မာတီနက်ဇ်ဟာ ယူနိုက်တက်မှာ အချိန်တိုအတွင်း အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပြီး သူရဲ့ aggressive ဆန်ဆန် ကစားဟန်တွေကလည်း ပြိုင်ဘက် တိုက်စစ် ကစားသမားတွေအတွက် ခက်ခဲစေရပါတယ်။

ဒါပေမယ့် မာတီနက်ဇ်က ပြီးခဲ့တဲ့ ဧပြီလတုန်းက အိုးထရက်ဖို့ဒ်မှာ ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပကျော့ပွဲ ကစားနေရင်း ခြေဖဝါးဒဏ်ရာ ခံစားလိုက်ရတာကြောင့် အသင်းရဲ့ လက်ကျန်ပွဲတွေ အားလုံး လွဲချော်ခဲ့ရပြီး အခု ဘောလုံးရာသီမှသာ အသင်းအတွက် ပြန်လည် ကစားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

ကံဆိုးချင်တော့ မာတီနက်ဇ်ရဲ့ ဒဏ်ရာဟောင်းက အာဆင်နယ်နဲ့ပွဲမှာပဲ ပြန်လည် နာကျင်လာမှုကို ခံစားခဲ့ရသလို ဘရိုက်တန်နဲ့ပွဲကိုလည်း ဒဏ်ရာ နာကျင်နေပါလျက်နဲ့ ဝင်ကစားပေးခဲ့တာကြောင့် အခြေအနေတွေက ပိုဆိုးရွှားလာခဲ့ရပါတယ်။

အခုတော့ မာတီနက်ဇ်က လာမယ့် (၄၈)နာရီအတွင်းမှာပဲ နောက်ထပ် ခွဲစိတ် ကုသမှုတစ်ခုကို ခံယူသွားရတော့မှာဖြစ်ပြီး ခွဲစိတ်မှုအပြီးမှာလည်း (၃)လလောက်အထိ အနားယူသွားရဦးမှာမို့ ယူနိုက်တက်အတွက် ခေါင်းခဲစရာ ဖြစ်လာနိုင်ပါတယ်။

Exit mobile version