ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဗဟိုနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ယခုတပတ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ရဲ့ ပွဲစဉ်မှာ ပြန်လည် ကစားနိုင်ဖို့ အစွမ်းကုန် ကြိုးစား လေ့ကျင့်နေကြောင်း အင်္ဂလန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဗဟိုနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၅၇သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားသူပါ။

Photo Credit: United In Focus

မာတီနက်ဇ်က အရပ်သိပ်မမြင့်ပေမယ့် ဘောလုံးလမ်းကြောင်း တွက်ဆရာမှာ ထူးချွန်သလို နောက်တန်းကနေ ရှေ့တန်းဆီ ဘောလုံးခင်းပေးရာမှာ ထူးချွန်တာကြောင့် တန်ဟက်ဂ် ချမှတ်ထားတဲ့ ကစားကွက်မှာ မရှိမဖြစ် ကစားသမား ဖြစ်ပြီး သူ မပါဝင်နိုင်တဲ့ အချိန်တွေမှာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းရော ၊ ရှေ့တန်းတိုက်စစ်ပါ အားနည်းသွားတာကို မြင်တွေ့ခဲ့ရပါတယ်။

မာတီနက်ဇ်က စက်တင်ဘာလ ၂၁ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် ၄-၃ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ခြေထောက်ဒဏ်ရာ ရရှိခဲ့ပြီးနောက် ၃လကျော်ကြာ အနားယူခဲ့ရပြီး သူက ယခုလ အစပိုင်းမှာ ဒဏ်ရာကနေ ပြန်လည် သက်သာလာတာကြောင့် အသင်းနဲ့ ပူးပေါင်း လေ့ကျင့်ခန်းတွေ လုပ်နေပေမယ့် အခုချိန်အထိ လူစာရင်းထဲမှာ ပြန်လည် ပါဝင်လာခြင်း မရှိသေးပါဘူး။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ခရစ် ဝီလာရဲ့ ဖော်ပြချက်အရ လီဆန်ဒရို မာတီနက်ဇ်က မန်ချက်စတာ ယူနိုက်တက် အတွက် ပြန်ကစားပေးဖို့ မစောင့်နိုင်တော့တာကြောင့် ယခုတပတ်မှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ ပွဲစဉ်မှာ ပါဝင် ကစားနိုင်ဖို့ အစွမ်းကုန် ကြိုးစား လေ့ကျင့်နေပြီး မာတီနက်ဇ်ဟာ အဆိုပါပွဲမှာ ပွဲထွက်ကစားသမား အဖြစ် မပါဝင်နိုင်ရင်တောင် အရန်လူစာရင်းမှာ ပါဝင်လာနိုင်ကြောင်း သိရပါတယ်။

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေလို့ ဆိုရမယ့် မက်ဂွိုင်းယား ၊ လုခ်ရှော ၊ မာတီနက်ဇ် ၊ ကတ်စ်မဲရိုး ၊ မေဆန်မောင့်တို့က ဒဏ်ရာတွေကနေ ပြန်လည် သက်သာလာကာ အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ နီးစပ်နေကြပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ ပွဲစဉ်မှာ မက်ဂွိုင်းယား ၊ လုခ်ရှောနဲ့ မာတီနက်ဇ်တို့သာ ပြန်ပါလာနိုင်ဖွယ် ရှိပါတယ်။