ယခု ကျင်းပနေဆဲ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်ရောက် အာဂျင်တီးနားရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ မာတီနက်ဇ်က ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ပြင်သစ်နဲ့ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲမှာ သူ့ဘဝရဲ့ အကောင်းဆုံး လက်စွမ်းကို ပြသနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပြီး သူ့ရဲ့ လက်စွမ်းတွေနဲ့အတူ မက်ဆီ တယောက် ကမ္ဘာ့ဖလား ရအောင် ကူညီမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီ ဦးဆောင်နေတဲ့ အာဂျင်တီးနားက ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ ဆော်ဒီကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ရပေမယ့် အုပ်စု ဒုတိယပွဲမှ စတင်ကာ ယခုချိန်အထိ ရှုံးပွဲမရှိတော့ပဲ ကစားရတဲ့ ပွဲစဉ်တိုင်းမှာ ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့တာကြောင့် ဖိုင်နယ်ဆီ ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့တာပါ။

Photo Credit: Sky Sports

အာဂျင်တီးနားက ဖိုင်နယ်မှာတော့ လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်နဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပြီး ပြင်သစ်ကလည်း ယခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပုံစံကောင်း ရနေတဲ့ အသင်းကောင်း တသင်း ဖြစ်တာကြောင့် အာဂျင်တီးနားဟာ ပြင်သစ်ကို အနိုင်ရဖို့ အတွက် ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။

ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်တာကြောင့် ဘောလုံးပရိသတ် အများစုက ကမ္ဘာ့သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီကို ကမ္ဘာ့ဖလား ရစေချင်နေပြီး အာဂျင်တီးနားရဲ့ နံပါတ်တစ် ဂိုးသမား မာတီနက်ဇ်ကလည်း သူဟာ မက်ဆီကို ကူညီနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: Sky Sports

အာဂျင်တီးနားနဲ့ ပြင်သစ်တို့ရဲ့ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ မာတီနက်ဇ်က – “ကျွန်တော်ကတော့ ဗိုလ်လုပွဲမှာ ကျွန်တော့်ရဲ့ ဘဝတလျှောက် အကောင်းဆုံး လက်စွမ်းကို ပြသနိုင်အောင် ကြိုးစားသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော်က မက်ဆီကို သူ့ဘဝရဲ့ အကြီးမားဆုံး ရည်မှန်းချက် (ကမ္ဘာ့ဖလား ရယူမယ့် ရည်မှန်းချက်) ပြည့်သွားအောင် ကူညီချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

အာဂျင်တီးနားနဲ့ ပြင်သစ်တို့ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖိုင်နယ်ပွဲကို ယနေ့ည မြန်မာစံတော်ချိန် ၉နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားဖို့ စီစဉ်ထားပြီး နှစ်သင်းစလုံးက အကောင်းဆုံး ခြေစွမ်းတွေ ပိုင်ဆိုင်ထားတာကြောင့် ဘယ်အသင်းက ကမ္ဘာ့ဖလားကို အရယူသွားနိုင်မလဲ ဆိုတာကို မှန်းဆဖို့ ခက်ခဲနေပါတယ်။