ယခုတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေရဲ့ အစောဆုံးပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာတော့ ဧည့်သည် မန်ချက်စတာ ယူနိုက်တက်က ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ၂ပွဲဆက် အနိုင်ရရှိသွားခဲ့ပါတယ်။

ဆောက်သမ်တန်ရဲ့ စိန့်မေရီကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းတွေက များစွာ ကွာခြားလှခြင်း မရှိပေမယ့် ဧည့်သည် မန်ချက်စတာ ယူနိုက်တက်က အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်ဇ်ရဲ့ လှပတဲ့ မြေမကျကန်ချက် သွင်းဂိုးကြောင့် ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တာပါ။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က အဝေးကွင်းမှာ အဖိုးတန် ရမှတ် ၃မှတ်ကို စုဆောင်းနိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေ ပိုမို ရရှိခဲ့တဲ့ အသင်းကတော့ အိမ်ရှင် ဆောက်သမ်တန် ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်အတွဲ ဖြစ်တဲ့ ဗာရန်းနဲ့ မာတီနက်ဇ်တို့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့်သာ သရဲနီတို့အနေနဲ့ ပေးဂိုးမဲ့ နိုင်ပွဲကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အထူးသဖြင့် အရပ်အမြင့် ၅ပေ ၉လက်မသာ ရှိတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူးသစ် မာတီနက်ဇ်ဟာ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပြီး မာတီနက်ဇ်က ဆောက်သမ်တန်နဲ့ပွဲမှာ မြေပြင် ဘောလုံးဖျက်ထုတ်မှု ၁၀၀ရာခိုင်နှုန်း အောင်မြင်ခဲ့သလို ၇ကြိမ် ဘောလုံးရှင်းထုတ်ခဲ့ကာ ပြိုင်ဘက် ကစားသမားတွေနဲ့ ၅ကြိမ် ဘောလုံး ယှဉ်လုခဲ့ရာမှာ ၅ကြိမ်စလုံး အောင်မြင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ မာတီနက်ဇ်က Sky Sports သတင်းဌာနကနေ ပေးအပ် ချီးမြှင့်တဲ့ ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့ပြီး မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၁ လီဗာပူး ပွဲစဉ်မှာလည်း ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် ၂ပွဲဆက် အကောင်းဆုံး ကစားသမားဆုတွေ ရယူရင်း သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြသကာ ဝေဖန်သူတွေကို ပါးစပ်ပိတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။