MySport Myanmar

ရိုနယ်ဒိုက ပေါ်တူဂီအတွက် အရမ်း အရေးပါတဲ့ ကစားသမားလို့ ချီးကျူးခဲ့တဲ့ မာတီနက်

ပေါ်တူဂီအသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ရော်ဘတ်တို မာတီနက်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လူဇင်ဘက် ၀-၆ ပေါ်တူဂီ ပွဲအပြီးမှာ အသင်းအတွက် အနိုင်ဂိုး ၂ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုဟာ အသင်းအတွက် အရမ်း အရေးပါတဲ့ ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ယူရို ၂၀၂၄ ခြေစစ်ပွဲရဲ့ အုပ်စုပွဲ တပွဲ အဖြစ် ပေါ်တူဂီက ဥရောပရဲ့ အသင်းငယ် တသင်း ဖြစ်တဲ့ လူဇင်ဘက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အသင်းခေါင်းဆောင် ရိုနယ်ဒိုရဲ့ ထူးရှယ် ခြေစွမ်းတွေနဲ့အတူ ဂိုးဒါဇင်ဝက် အထိ သွင်းယူကာ အဝေးကွင်းမှာ အဖိုးတန် နိုင်ပွဲ တပွဲကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Be Soccer

လူဇင်ဘက် ၀-၆ ပေါ်တူဂီ ပွဲစဉ်မှာ ပေါ်တူဂီ အတွက် သွင်းဂိုးတွေကို အသင်းခေါင်းဆောင် ရိုနယ်ဒိုက ၂ဂိုးနဲ့ ဖီးလစ် ၊ ဘာနာဒို ဆေးလ်ဗား ၊ အိုတာဗီယို ၊ လီယာအို စတဲ့ ကစားသမားတွေက သွင်းဂိုး ၁ဂိုးစီ အသီးသီး သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ ပေါ်တူဂီနည်းပြ ရော်ဘတ်တိုက အသက် ၃၈နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် အသင်းအတွက် နောက်ဆုံး ၂ပွဲမှာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူပေးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ရိုနယ်ဒိုကို ချီးကျူးသွားခဲ့ပြီး ရိုနယ်ဒိုရဲ့ အတွေ့အကြုံတွေဟာ သူတို့အသင်းအတွက် အရမ်းကို အရေးပါကြောင်း ဆိုလာပါတယ်။

Photo Credit: Be Soccer

ရော်ဘတ်တို မာတီနက်က – “ခရစ္စတီယာနိုက နိုင်ငံတကာ အတွေ့အကြုံ အရမ်း ပြည့်ဝတဲ့သူပါ။ သူက ကမ္ဘာပေါ်မှာ နိုင်ငံတကာပွဲ ၁၉၈ပွဲ ကစားထားတဲ့ ၁ဦးထဲသော ကစားသမား ဖြစ်တာကြောင့် ထူးခြားတဲ့ ကစားသမားလို့ ပြောရင်လည်း ရပါတယ်။ သူ့ရဲ့ အတွေ့အကြုံတွေက အသင်းအတွက် အရမ်းကို အရေးပါပါတယ်” လို့ အသင်းခေါင်းဆောင် ရိုနယ်ဒိုကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version