၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနားရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ မာတီနက်ဇ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲမှာ မက်ဆီရဲ့ ခြေစွမ်းကြောင့်သာ မက္ကဆီကိုကို အနိုင်ရခဲ့တာပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာဂျင်တီးနားက ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ဆော်ဒီ ၊ ပိုလန် ၊ မက္ကဆီကိုတို့နဲ့ တအုပ်စုထဲ ကျရောက်နေခဲ့ပြီး အုပ်စုအဖွင့်ပွဲမှာ မထင်မှတ်ပဲ ဆော်ဒီ အာရေဗျကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရတာကြောင့် အုပ်စုဒုတိယပွဲ ဖြစ်တဲ့ မက္ကဆီကိုနဲ့ ပွဲမှာ မဖြစ်မနေ အနိုင်ရလဒ် ရယူနိုင်ဖို့ လိုအပ်ခဲ့ပါတယ်။

Photo Credit: Goal

တဖက်မှာလည်း အဖွင့်ပွဲမှာ ပိုလန်နဲ့ သရေကျထားတဲ့ မက္ကဆီကိုက အာဂျင်တီးနားနဲ့ ပွဲမှာသာ အနိမ့်ဆုံး သရေရလဒ် ရယူနိုင်ခဲ့ရင် အုပ်စုတက်ဖို့ အခွင့်အလမ်း များလာနိုင်တာကြောင့် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မက္ကဆီကိုနဲ့အာဂျင်တီးနားတို့ရဲ့ ပွဲဟာ အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပါတယ်။

အာဂျင်တီးနားနဲ့ မက္ကဆီကိုတို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားခဲ့ခြင်း မရှိပေမယ့် အာဂျင်တီးနားက အရည်အသွေးမြင့် ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းပီပီ ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချကာ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပြီး အာဂျင်တီးနား အတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၆၄မိနစ်မှာ မက်ဆီနဲ့ ပွဲချိန် ၈၇မိနစ်မှာ ဖာနန်ဒက်ဇ်တို့က အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

Photo Credit: Goal

အာဂျင်တီးနား ၂-၀ မက္ကဆီကို ပွဲစဉ်အပြီးမှာတော့ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေနဲ့ အာဂျင်တီးနား ပရိသတ်တွေက အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဆီကို ချီးကျူးနေပြီး အာဂျင်တီးနား ဂိုးသမား မာတီနက်ဇ်ကလည်း မက်ဆီဟာ သူတို့ရဲ့ နိုင်ပွဲ အတွက် အရေးပါဆုံး ကစားသမား ဖြစ်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မာတီနက်ဇ်က – “ဒီနေ့ပွဲမှာသာ ရှုံးပွဲတွေ့ခဲ့ရင် ကျွန်တော်တို့က ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ရတော့မယ် ဆိုတာ သိပါတယ်။ တဖက် မက္ကဆီကိုကလည်း ဒီနေ့ပွဲမှာ ကျွန်တော်တို့ကို အတော်လေး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းမှာ မက်ဆီလို ကစားသမားမျိုး ရှိနေတဲ့ အတွက် သူက ကျွန်တော်တို့တွေ ကစားရလွယ်အောင် ကူညီပေးနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့က ဘယ်တုန်းကမှ ကိုယ့်ရဲ့ အရည်အသွေးကို သံသယ မဝင်ဖူးပါဘူး။ ခက်ခဲတဲ့ပွဲ တပွဲ ဖြစ်နေရင်တောင် ကျွန်တော်တို့က နိုင်ပွဲနဲ့ ထိုက်တန်ကြောင်းကို သက်သေပြနိုင်စွမ်း ရှိပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။