ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ မာတီနက်ဇ်ကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ကယ်ဗင် ဒီဘရိုင်းနားဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင် ဖြစ်ကြောင်း ဘယ်လ်ဂျီယံ ၂-၁ ဝေးလ် ပွဲစဉ်အပြီးမှာပဲ ပြောကြားသွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံနဲ့ ဝေးလ်တို့က နေးရှင်းလိဂ် အုပ်စုပွဲစဉ် အဖြစ် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ ဘယ်လ်ဂျီယံက ဒီဘရိုင်းနား ၊ ဘက်ရှူအာရီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့ပြီး ဝေးလ်အတွက် တလုံးထဲသော ချေပဂိုးကိုတော့ တိုက်စစ်မှူး မိုးလ်က သွင်းယူပေးခဲ့တာပါ။

Photo Credit: Standard

ဘယ်လ်ဂျီယံ ၂-၁ ဝေးလ် ပွဲစဉ်မှာ ဒီဘရိုင်းနားက သူမတူတဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး ၁ဂိုးသွင်း ၊ ၁ဂိုး ဖန်တီးနိုင်ခဲ့သလို တိုက်စစ်ပိုင်း အတွက် အခွင့်အရေး ဖန်တီးမှု ၇ကြိမ် အထိပါ ပြုလုပ်နိုင်ခဲ့တာကြောင့် ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားဆုကိုပါ ရယူနိုင်ခဲ့ပါတယ်။

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က ဒီဘရိုင်းနားရဲ့ ခြေစွမ်းကို အထူးတလည် ချီးမွမ်းခန်း ဖွင့်သွားခဲ့ပြီး ဒီဘရိုင်းနားဟာ မယုံနိုင်စရာ ကောင်းတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ ကွင်းလယ်ဖန်တီးရှင် ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Standard

မာတီနက်ဇ်က – “ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို တခု ပြောချင်တယ်ဗျ။ ဒီဘရိုင်းနား ကစားတာကို မကြည့်ပဲ မနေကြပါနဲ့ဗျာ။ သူ့ရဲ့ လှပတဲ့ ကစားဟန်ကို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါ။ ကျွန်တော့်အတွက် ဒီဘရိုင်းနားက လက်ရှိမှာ မယုံနိုင်စရာ ကောင်းလွန်းတဲ့ ကွင်းလယ်ဖန်တီးရှင် တဦးပါ။ သူ့ရဲ့ ပွဲအပေါ် အမြင် ၊ ပြီးတော့ ချိန်သားကိုက် ပေးပို့မှုတွေ ၊ နေရာယူမှုတွေနဲ့ တဖက်ဂိုးပေါက်ရှေ့မှာ အကောင်းဆုံး အဆုံးသတ်မှု စွမ်းရည်တွေ အားလုံးက အံ့ဩစရာတွေချည်းပါပဲ။ ဒီနေ့မှာ ဒီဘရိုင်းရဲ့ စွမ်းဆောင်ရည်က မှော်ဝင်လွန်းနေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူက ဒီလိုမျိုး မှော်ဝင်ခြေစွမ်းတွေကို ပွဲတိုင်းလိုလို လုပ်ပြနေတာက ပိုပြီး အံ့ဩစရာ ကောင်းပါတယ်။ ကျွန်တော်က ပိုလန်နဲ့ပွဲကို ပြန်ကြည့်ဖြစ်သေးတယ်။ အဲ့ဒီပွဲတုန်းကလည်း သူ့ရဲ့ ခြေစွမ်းဟာ အံ့မခန်းပါ။ ကျွန်တော်ကတော့ သူ့ကို ကြည့်နေရင်းနဲ့ ငါတို့ သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ခွင့် ရလို့ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ ဆိုပြီးပဲ တွေးနေမိပါတော့တယ်” လို့ ဒီဘရိုင်းနားကို ချီးမွမ်းသွားခဲ့တာပါ။