ယမန်နေ့ညမှာ ကစားခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲ အုပ်စု Bရဲ့ ဒုတိယမြောက် ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ဒိန်းမတ်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အင်အားကြီး ဘယ်လ်ဂျီယံအသင်းဟာ ဒိန်းမတ်အသင်းကို အနောက်ကနေ လိုက်ကစားခဲ့ရပြီး လူစားဝင် ကစားသမား ဒီဘရိုင်းရဲ့ အံ့မခန်း စွမ်းဆောင်ရည်ကြောင့် ၁-၂ ဆိုတဲ့ ရလဒ်နဲ့ ဒိန်းမတ်အသင်းကို အနိုင်ရခဲ့ပါတယ်။ ၁၆သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အရေးပါတဲ့ အုပ်စုတွင်း ဒုတိယမြောက်ပွဲစဉ်မှာ နှစ်သင်းစလုံးဟာ အနိုင်ရလဒ် ရရှိဖို့ ဦးတည် ကစားခဲ့ကြပြီး ဒိန်းမတ်အသင်းဟာ ဘယ်လ်ဂျီယံ ကစားသမားတွေရဲ့ အထလေးမှုကို အခွင့်ကောင်း ယူကာ ပွဲကစားချိန် ၂မိနစ်မှာထဲက တိုက်စစ်မှူး ပေါလ်ဆန်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: The Athletic

ဦးဆောင်ဂိုး ရရှိပြီးနောက်ပိုင်းမှာ ဒိန်းမတ်အသင်းဟာ ခပ်ကြမ်းကြမ်း တုံ့ပြန်ကစားခဲ့တာကြောင့် ဘယ်လ်ဂျီယံအသင်း အနေနဲ့ ချေပဂိုးတွေ ၊ အနိုင်ဂိုးတွေ ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ပထမပိုင်း ပွဲကစားချိန် ပြီးဆုံးတဲ့ အထိ ဒိန်းမတ်အသင်းဟာ တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒါကြောင့်ပဲ ဘယ်လ်ဂျီယံ အသင်းရဲ့ နည်းပြ မာတီနက်ဇ်က ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ အသင်းရဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်းကို ဒုတိယပိုင်း ပွဲအစမှာပဲ မာတင်စ်နဲ့ လူစားလဲကာ ထည့်သွင်းကစားခဲ့ပြီး ဒီဘရိုင်းဟာ သူ့အပေါ် ထားတဲ့ မာတီနက်ဇ်ရဲ့ ယုံကြည်မှုတွေကို အလုပ်နဲ့ သက်သေပြခဲ့ပါတယ်။ ဒီဘရိုင်းဟာ ပွဲကစားချိန် ၅၅မိနစ်မှာ သော်ဂန်ဟာဇက်ရဲ့ ချေပဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့သလို ပွဲကစားချိန် ၇၀မိနစ်မှာလည်း အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: The Athletic

ဒါကြောင့်လည်း ဘယ်လ်ဂျီယံအသင်းရဲ့ နည်းပြဖြစ်သူ မာတီနက်ဇ်က ပွဲအပြီးမှာ ဒီဘရိုင်းဟာ မယုံကြည်နိုင်စရာ ကောင်းတဲ့ ကစားသမား တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့တာပါ။ ဒီဘရိုင်းနဲ့ ပတ်သတ်ပြီး မာတီနက်ဇ်က – “ခင်ဗျားတို့က ဒီဘရိုင်းရဲ့ ပါရမီနဲ့ ပတ်သတ်ပြီး ဘယ်တော့မှ သံသယဝင်ဖို့ မလိုပါဘူး။ ပုံမှန်အားဖြင့်တော့ ဒုတိယပိုင်း ပွဲကစားချိန်မှာ လူစားဝင်လာပြီး ပွဲအပေါ် သက်ရောက်မှု ပေးနိုင်ဖို့ ဆိုတာ တကယ်ကို မလွယ်တဲ့ အလုပ်တခုပါ။ အဲ့ဒါက သူ့ရဲ့ ပါရမီနဲ့ပဲ သက်ဆိုင်တဲ့ အရာတခု မဟုတ်တော့ပါဘူး။ သူက ပွဲကို ဘယ်လို အနိုင်ယူရမလဲ ဆိုတာ သိတယ်။ ပြီးတော့ ဒုတိယပိုင်းမှာ သူ ကစားသွားတဲ့ ပုံစံက ခွဲစိတ်မှု ပြုလုပ်ခဲ့တဲ့ ကစားသမားတယောက်နဲ့ မတူပဲ ကွင်းထဲမှာ အချိန်ပြည့် ရှိနေခဲ့တဲ့ ကစားသမားလိုပါပဲ။ အဲ့ဒါက သူဟာ ဘယ်လို ကစားသမား ဖြစ်သလဲ ဆိုတာရယ် လေ့ကျင့်ရေးကွင်းမှာ သူ့ဘက်က ဘယ်လောက် ကြိုးစားခဲ့လဲ ဆိုတာရယ်ကို သက်သေပြနေပါတယ်” ဆိုပြီး ချီးကျူးသွားခဲ့တာပါ။