ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ရော်ဘတ်တို မာတီနက်ဇ်က ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီရဲ့ နိုင်ပွဲတွေ အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ဟာ နည်းပြတိုင်း လိုချင်ကြတဲ့ ကစားသမားမျိုး ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပေမယ့် ဗဟိုကွင်းလယ် ၊ ညာတောင်ပံနဲ့ နောက်ချန်တိုက်စစ် နေရာတွေမှာပါ အကောင်းဆုံး ကစားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ လုပ်အားနှုန်းကလည်း အထင်ကြီးစရာကောင်းပါတယ်။

Photo Credit: Live Scores

ဒါ့အပြင် ဘရူနို ဖာနန်ဒက်စ်က ဖန်တီးနိုင်စွမ်း အားကောင်းတဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်ပြီး သူက ယူရို ၂၀၂၄ ခြေစစ်ပွဲအဆင့်မှာ ပေါ်တူဂီ အတွက် စုစုပေါင်း ၉ဂိုး အထိ ဖန်တီးပေးထားကာ ခြေစစ်ပွဲအဆင့်ရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။

ဘရူနို ဖာနန်ဒက်စ်က ယူရို ၂၀၂၄ ခြေစစ်ပွဲအဆင့်မှာ ပေါ်တူဂီ အတွက် ၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၉ကြိမ် ရရှိထားသလို Big Chances ဖန်တီးပေးမှုကလည်း ၁၀ကြိမ် အထိ ရှိခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ မာတီနက်ဇ် တည်ဆောက်နေတဲ့ ပေါ်တူဂီအင်ပါယာမှာ ဘရူနို ဖာနန်ဒက်စ်ဟာ မရှိမဖြစ် ကွင်းလယ်ဗိုလ်ချုပ် တဦး ဖြစ်ပြီး မာတီနက်ဇ်ကလည်း ဘရူနို ဖာနန်ဒက်စ်ဟာ ဖန်တီးနိုင်စွမ်း အားကောင်းသလို နေရာစုံမှာ ကစားနိုင်စွမ်း ရှိတာကြောင့် သူတို့အသင်းရဲ့ အရေးပါတဲ့ ကွင်းလယ်လူ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

မာတီနက်ဇ်က – “ဖာနန်ဒက်စ်ဟာ နည်းပြတိုင်း အိမ်မက်မက်ကြတဲ့ (လိုချင်ကြတဲ့) ကစားသမားမျိုးပါ။ နည်းစနစ်ပိုင်းအရ ပြောရရင် သူ့ရဲ့ အမြင်နဲ့ ဖန်တီးနိုင်စွမ်းက ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ သူက နေရာအများကြီးမှာ ကောင်းကောင်း ကစားနိုင်စွမ်းလည်း ရှိတယ်။ သူက အသင်းရဲ့ ဟန်ချက်ကို ထိန်းပေးတယ်။ ဒါကြောင့် သူက ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမားပါ” လို့ ဘရူနိုကို ချီးကျူးသွားခဲ့တာပါ။