မန်စီးတီးအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာကို ပိုင်ဆိုင်ထားရပေမယ့် ဥရောပဘောလုံးအဖွဲ့ချုပ်ကနေ ချမှတ်လို့ထားတဲ့ FFP ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ထားမိလို့ ချန်ပီယံလိဂ်ကနေ (၂)ရာသီဆက်တိုက် ပွဲပယ်ခံရဖို့ UEFA ကနေ အမိန့်ချခံခဲ့ရပြီး မန်စီးတီးက ဒီပြစ်ဒဏ်ကို လက်မခံနိုင်တာကြောင့် CAS နိုင်ငံတကာအားကစားခုံရုံးဆီ အယူခံတင်ထားခဲ့ရပါတယ်။ ဒါပေမယ့် ဒီအယူခံသာ ကျရှံးခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရမယ်ဆိုရင်တော့ အသင်းက ကြယ်ပွင့်ကစားသမား အများအပြားကို ဆုံးရှံးရနိုင်ဖွယ်ရှိနေပါတယ်။

Photo Credit : Bongda

နာမည်ကျော် ဘောလုံးသမားတွေက ရည်မှန်းချက်တွေ မြင့်မားလွန်းတာကြောင့် နှစ်တိုင်းလိုလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ကစားချင်မှာဖြစ်လို့ မန်စီးတီးသာ ချန်ပီယံဝင်ခွင့်နဲ့ လွဲချော်ရမယ်ဆိုရင် အဂူရို စတာလင်း ဆာနေးနဲ့ ဒီဘရိုင်းတို့လို ထိပ်သီးကစားသမားတွေကို ဆုံးရှံးရနိုင်ပါတယ်။ ဒါ့အပြင် ဘယ်ဂျီယံလက်ရွေးစင်နည်းပြ မာတီနက်ဇ်ကလည်း မန်စီးတီးသာ ချန်ပီယံလိဂ်ပြိုင်ပွဲကို မကစားရတော့ဘူးဆိုရင် ဘယ်ဂျီယံကွင်းလယ်ကစားသမား ကယ်ဗင်ဒီဘရိုင်းအနေနဲ့ပါ မန်စီးတီးကို စွန့်ခွာသွားနိုင်တယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Express

မာတီနက်ဇ်က သူရဲဲ့ဘယ်ဂျီယံအသင်းသား ဒီဘရိုင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး “ကယ်ဗင်က နိုင်ပွဲတွေကို ဆာလောင်တဲ့သူပါ။ သူဆုံးဖြတ်ချက်ချပြီးရင်တော့ ဘာမဆိုသူလုပ်ရဲတယ်။ မန်စီးတီးသာ ချန်ပီယံလိဂ်ကနေ သေချာပေါက် ပွဲပယ်ခံခဲ့ရမယ်ဆိုရင် သူဆုံးဖြတ်ချက်တစ်ခုကို ချမှတ်သွားလိမ့်မယ်။ သူက မန်စီးတီးအတွက်ကိုလည်း ဒီနှစ်ပိုင်းအတွင်းမှာ အကောင်းဆုံးတွေ ပေးစွမ်းထားခဲ့ပါတယ်။ ဒါပေမယ့် နောက်(၄၊၅)နှစ်မှာ ဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတာကို တွေးကြည့်ပါ။ နောက်ပြီး ဘယ်သူကမှ သူ့ကို အကြံမပေးနိုင်ဘူး။ သူကိုယ်တိုင်ဆုံးဖြတ်မှပဲ ရလိမ့်မယ်။ ကယ်ဗင်က အရမ်းကို ရင့်ကျက်တည်ငြိမ်ပါတယ်။ ဘာမဆို သူဆုံးဖြတ်ချက်နိုင်ပါလိမ့်မယ်” လို့ မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ ကွင်းလယ်ဖန်တီးရှင် ကစားသမား ဒီဘရိုင်းဟာ ၂၀၁၅ခုနှစ်ကမှ ဝုလ်ဖ်ဘတ်အသင်းကနေ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်မှာ အဓိက ကစားသမားတစ်ယောက်အဖြစ် အသင်းကို မောင်းနှင်ပေးနေသူဖြစ်ကာ သူသာ မန်စီးတီးအသင်းကနေ ထွက်ခွာမယ်ဆိုရင်တော့ သူ့ကို ရီးရဲလ်မက်ဒရစ် ဘာစီလိုနာ ပီအက်စ်ဂျီနဲ့ ဂျုဗင်တပ်စ်အသင်းတို့ကနေ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။