မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံအသင်း အာဂျင်တီးနားနဲ့အတူ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ့်မြို့မှာ အောင်ပွဲခံ အခမ်းအနားတွေ ကျင်းပနေတဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ပတ်သတ်ပြီး ကမ္ဘာ့ဖလားကြောင့် ပျော်ရွှင်နေတယ်ဆိုတာကို နားလည်နိုင်ပေမယ့် ပရီးမီးယားလိဂ်က ပြန်လည် စင်တော့မှာဖြစ်လို့ ကလပ်အသင်းနဲ့ အမြန်ဆုံး ပူးပေါင်းစေလိုကြောင်း သတိပေးစကားဆိုလိုက်ပါတယ်။

Man United boss Erik ten Hag: I told Lisandro Martinez to be ready for  restart despite World Cup win

Photo Credit : ESPN

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကစားသမား တော်တော်များများ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကလပ်အသင်းများဆီကို စေလွတ်ထားခဲ့ရပြီး လက်ရှိမှာ ပြိုင်ပွဲ ပြီးစီးသွားတာ တစ်ပတ်နီးပါးလည်း ရှိနေပြီဖြစ်လို့ ကစားသမားတွေက အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ပြီ ဖြစ်ပေမယ့်လည်း ကမ္ဘာ့ဖလားမှာ ဖိုင်နယ်အဆင့်ထိ ယှဉ်ပြိုင်ခဲ့ရတဲ့ ကစားသမားတွေကတော့ အခုထိ အသင်းနဲ့ မပူးပေါင်းနိုင်သေးပဲ ဖြစ်နေပါတယ်။ ကမ္ဘာ့ဖလားဖိုင်နယ်ကို တတ်လှမ်းခဲ့တဲ့ အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့မှာ ယူနိုက်တက်ရဲ့ အမာခံကစားသမားနှစ်ဦးဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ရာဖယ်လ်ဗာရန်းတို့ ပါဝင်နေပြီး မာတီနက်ဇ်ကတော့ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းနဲ့အတူ သူတို့နိုင်ငံအတွင်းမှာ အောင်ပွဲခံလျက် ရှိနေပါတယ်။

Photo Credit : The Mirror

အသင်းနဲ့ မပူးပေါင်းနိုင်သေးတဲ့ မာတီနက်ဇ်နဲ့ ပတ်သတ်ပြီး နည်းပြတန်ဟက်ဂ်က “လက်ရှိ သူက ဗျူနိုအေးရိစ့်မြို့ထဲမှာ ကမ္ဘာ့ဖလား အခမ်းအနားတွေနဲ့အတူ အောင်ပွဲခံနေပါတယ်။ ဒါကို ကျွန်တော် နားလည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားအနေနဲ့ ကမ္ဘာ့ဖလားကြီး ပိုင်ဆိုင်လိုက်ရတဲ့ အချိန်မျိုးမှာ အရမ်းပျော်မိမှာလေ။ ဒါပေမယ့်လည်း ဒီဇင်ဘာ (၂၇)ရက်နေ့မှာပဲ ပရီးမီးယားလိဂ်က ပြန်စတော့မယ်ဆိုတာကိုတော့ မာတီနက်ဇ်အနေနဲ့ လက်ခံရပါလိမ့်မယ်” လို့ သတင်းစာရှင်းလင်းပွဲအတွင်း ဖြေဆိုသွားခဲ့ပါတယ်။ မာတီနက်ဇ်ဟာ တန်ဟက်ဂ်နဲ့အတူ အိုင်းယတ်စ်မှာ လက်တွဲခဲ့စဉ်ကတည်းက အားအထားရဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး တန်ဟက်ဂ်က ယူနိုက်တက်အသင်းနည်းပြ ဖြစ်လာစဉ်မှာလည်း မာတီနက်ဇ်ကိုပါ ယူနိုက်တက်အသင်းဆီ အရ ခေါ်ယူခဲ့ပါတယ်။ ယူနိုက်တက်မှာလည်း အမာခံ ကစားသမားတစ်ဦး ဖြစ်လာခဲ့တဲ့ မာတီနက်ဇ်ဟာ ယူနိုက်တက်ခံစစ်မှာ ဗာရန်းနဲ့ တွဲဖက်ပြီး အကောင်းဆုံး ခြေစွမ်းပြနေတာဖြစ်လို့ တန်ဟက်ဂ်က မာတီနက်ဇ်ကို အသင်းနဲ့ အမြန်ဆုံး ပြန်လည် ပူးပေါင်းစေချင်နေတာ ဖြစ်ပါတယ်။