ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချ်ကစတာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူးသစ် ဖြစ်သူ မာတီနက်ဇ်ကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ သောင်းသောင်းဖျဖျ အားပေးမှုတွေကို ကြားတိုင်း မျက်ရည်ဝဲရတဲ့ အထိ ပျော်ရွှင်မိပါတယ်လို့ စပါးနဲ့ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဗဟိုနောက်ခံလူ မာတီနက်ဇ်ဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Goal

မာတီနက်ဇ်က ဘောလုံးကိုင် ကစားရာမှာ ကျွမ်းကျင်သလို တဦးချင်း လူကပ်ကစားရမှာလည်း အတော်လေး ထူးချွန်တဲ့ ဗဟိုနောက်ခံလူ တဦး ဖြစ်ပေမယ့် အရပ်အမြင့် ၅ပေ ၁၀လက်မသာ ရှိတာကြောင့် ကြံ့ခိုင်မှု အသားပေး ကစားလေ့ ရှိတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ရုန်းကန်ရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ်။

ဒါပေမယ့် မာတီနက်ဇ်က သူ့အပေါ် ဝေဖန်မှုတွေ အားလုံးကို ခြေစွမ်းကောင်းတွေနဲ့အတူ ပြန်လည် တုံ့ပြန်ခဲ့ပြီး သူနဲ့ ဗာရိန်းတို့ရဲ့ ခံစစ်အတွဲဟာ အချိန်တို အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ခံစစ်အတွဲ ဖြစ်လာသလို မာတီနက်ဇ်ကလည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ၁၀ဦး စာရင်းထဲပါ ဝင်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

မာတီနက်ဇ်ကတော့ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိကာစမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ အားပေးမှုက သူ့အတွက် အားဆေးတခွက်လို ဖြစ်ကြောင်းနဲ့ ပရိသတ်တွေက “အာဂျင်တီးနား ၊ အာဂျင်တီးနား” ဆိုပြီး သူ့နိုင်ငံရဲ့ နာမည်ကို အော်ဟစ်ကာ အားပေးတဲ့ အချိန်တွေဆိုရင် ဝမ်းသာလွန်းလို့ မျက်ရည်ပါလည်မိခဲ့ကြောင်း ဖွင့်ဟ ပြောပြလာပါတယ်။

မာတီနက်ဇ်က – “ကျွန်တော်က အသင်းဆီ စရောက်တဲ့ အချိန်မှာ အခက်အခဲ တချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ အရာအားလုံး အဆင်ပြေနေပါပြီ။ ပရိသတ်တွေက “အာဂျင်တီးနား ၊ အာဂျင်တီးနား” ဆိုပြီး အားပေးတဲ့ အသံတွေကို ကြားမိတဲ့အခါ ကျွန်တော်က ငိုချင်လာတဲ့ အထိ ပျော်ရွှင်ရပါတယ်။ ဒါက အရိုးသားဆုံး ပြောတာပါ။ ကျွန်တော့်ရဲ့ အင်္ဂလန် ခရီးလမ်းအစက ကြမ်းတမ်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ မိသားစုကြောင့် အဆင်ပြေပြေ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒီအတွက် အဖေ့ကိုလည်း ကျေးဇူးတင်ချင်တယ်။ အမေ့ကိုလည်း ကျေးဇူးတင်ချင်တယ်။ ကျွန်တော့် ကောင်မလေးနဲ့ ညီမတွေကိုလည်း ကျေးဇူးတင်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။