အီတလီအင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အင်တာမီလန်ရဲ့ အဓိကတိုက်စစ်မှူး တစ်ဉီးဖြစ်သူ လော်တူရို မာတီနက်စ်ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အတွက် သူတို့နဲ့ ရင်ဆိုင် ကစားရမယ့် ပြိုင်ဘက် လီဗာပူးကို သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

အီတလီ ချန်ပီယံ အင်တာမီလန်နဲ့ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပွဲဟာ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ ပွဲပြီးနောက် ၁၆သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေ အနက် အကြိတ်အနယ် အရှိဆုံး ပွဲတပွဲ ဖြစ်လာလိမ့်မယ်လို့ ပရိသတ်တွေနဲ့ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

Photo Credit: Express

အင်တာမီလန်နဲ့ လီဗာပူးတို့ဟာ လက်ရှိအချိန်မှာ သက်ဆိုင်ရာလိဂ်တွေရဲ့ အင်အားကြီး အသင်းတွေ ဖြစ်ကြသလို နှစ်သင်းစလုံးရဲ့ ကစားအားကလည်း အတော်လေး ကောင်းမွန်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံမယ့် ပွဲစဉ်နှစ်ပွဲက အတော်လေးကို အကြိတ်အနယ် ရှိလာနိုင်ပါတယ်။

ယနေ့ည ၂နာရီခွဲ အချိန်မှာတော့ အင်တာမီလန်နဲ့ လီဗာပူးတို့ဟာ ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် အင်တာမီလန်ရဲ့ အိမ်ကွင်း ဆန်စီရိုမှာ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး အင်တာမီလန် တိုက်စစ်မှူး မာတီနက်စ်ကတော့ သူတို့အသင်းဟာ လီဗာပူးကို ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာရအောင် လုပ်ဆောင်နိုင်စွမ်း ရှိကြောင်း ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ကြုံးဝါး ပြောဆိုသွားခဲ့ပြီး သူတို့အသင်းအနေနဲ့ လီဗာပူးကို နိုင်ချင်ရင် စည်းလုံး ညီညွတ်ဖို့ လိုအပ်ကြောင်းလည်း ဆိုသွားခဲ့ပါတယ်။

Photo Credit: Express

မာတီနက်စ်က – “လီဗာပူးနဲ့ ရင်ဆိုင် ကစားရမယ့် ပွဲမှာ ကျွန်တော်တို့အသင်းက စည်းလုံးညီညွတ်မှု ရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူဖို့ လိုလိမ့်မယ်။ ပြီးတော့ တိုက်စစ်ဆင်တာနဲ့ ခံစစ်ဆော့တဲ့ နေရာတွေမှာလည်း အတူတကွ လုပ်ဆောင်ရပါမယ်။ ဒါမှပဲ ကျွန်တော်တို့တွေ သူတို့ကို နာကျင်မှုတွေ ပေးစွမ်းနိုင်မှာပါ။ ကျွန်တော်တို့မှာ သူတို့ကို အနိုင်ယူနိုင်စွမ်းလည်း ရှိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။