ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အဲဗာတန်နဲ့ ဘယ်လ်ဂျီယံအသင်းတို့ရဲ့ နည်းပြဟောင်း မာတီနက်ဇ်က ဥရောပ ထိပ်သီးနိုင်ငံ တနိုင်ငံ ဖြစ်တဲ့ ပေါ်တူဂီအသင်းရဲ့ နည်းပြချုပ်ရာထူးကို ရယူနိုင်ဖို့ နီးစပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ရော်ဘတ်တို မာတီနက်ဇ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံကို အုပ်စုအဆင့် ကနေ ကျော်လွန်အောင် မကူညီနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာပဲ ဘယ်လ်ဂျီယံ ကနေ ထွက်ခွာခဲ့ရတဲ့ နည်းပြတဦးပဲ ဖြစ်ပါတယ်။

Photo Credit: Diario AS

တဖက်မှာလည်း ပေါ်တူဂီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အဆင့်နဲ့သာ ကျေနပ်ခဲ့ရတာကြောင့် ကာလရှည် လက်တွဲခဲ့တဲ့ နည်းပြ ဆန်းတို့စ်နဲ့ လက်တွဲဖြုတ်ခဲ့ပြီး ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က ဆန်းတို့စ်အလွန်မှာ ပေါ်တူဂီကို ဆုဖလား အောင်မြင်မှုတွေဆီ ခေါ်ဆောင်ပေးနိုင်မယ့် ထိပ်တန်းနည်းပြ တဦးကို နည်းပြသစ် အဖြစ် ကြိုးစားနေပါတယ်။

လက်ရှိမှာတော့ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က သူတို့ရဲ့ နည်းပြချုပ်နေရာ အတွက် ထိပ်သီးနည်းပြ အများအပြားကို ဆက်သွယ်ထားပြီး အဆိုပါ နည်းပြတွေအနက် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံကို ကြေးတံဆိပ်ဆု ရအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ရော်ဘတ်တို မာတီနက်ဇ်လည်း ပါဝင်နေပါတယ်။

Photo Credit: Diario AS

နာမည်ကြီး သတင်းထောက် ဖြစ်သူ မိုက် မက်ဂရက်ရဲ့ ဖော်ပြချက်အရ ရော်ဘတ်တို မာတီနက်ဇ်နဲ့ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်တို့ ကြားထဲမှာ ဆွေးနွေးမှုတွေ ရှိခဲ့ပြီး ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က မာတီနက်ဇ်ရဲ့ အမြင်နဲ့ ကစားပုံတွေကို သဘောကျတာကြောင့် မာတီနက်ဇ်ဟာ ပေါ်တူဂီရဲ့ နည်းပြသစ် ဖြစ်လာဖို့ နီးစပ်နေကြောင်း သိရပါတယ်။

ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က မာတီနက်ဇ်အပြင် နယ်သာလန်ရဲ့ နည်းပြဟောင်း ဗန်ဟားလ်ကိုပါ ဆက်သွယ်မှုတွေ လုပ်ခဲ့ပေမယ့် ဗန်ဟားလ်ရဲ့ အသက်အရွယ် ကြီးရင့်နေမှုနဲ့ ကစားဟန်တို့က ပေါ်တူဂီ ကစားသမားတွေနဲ့ အံမဝင်မှာကို စိုးရိမ်တာကြောင့် ဗန်ဟားလ်ဟာ ပေါ်တူဂီနည်းပြသစ် ဖြစ်လာဖွယ် မရှိကြောင်း ပေါ်တူဂီနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။