ဒီနေ့ည (၁)နာရီခွဲအချိန်မှာ ယူရို-၂၀၂၀ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ရင်ဆိုင်ကြရမယ့် ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ ဘယ်ဂျီယံလက်ရွေးစင်အသင်းတို့ရဲ့ ပွဲစဉ်အတွင်းမှာ ပေါ်တူဂီအသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုတစ်ဦးတည်းကိုပဲ အာရုံစိုက်ထားလို့ မဖြစ်နိုင်ပဲ ကျန်တဲ့ ပေါ်တူဂီကစားသမားတွေအားလုံးကို အာရုံစိုက်ထားဖို့ လိုအပ်တယ်လို့ ဘယ်ဂျီယံနည်းပြ ရောဘတ်တိုမာတီနက်ဇ်က သတိပေးပြောဆိုလာခဲ့ပါတယ်။

Photo Credit : AS English

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီ ထိပ်တန်းကစားသမားဖြစ်သူ ရော်နယ်ဒိုဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်းမှာ ပေါ်တူဂီအသင်းအတွက် အကောင်းဆုံးစွမ်းရည်တွေ ပြသလျက်ရှိနေပြီး အုပ်စုပွဲ(၃)ပွဲအတွင်းမှာလည်း သွင်းဂိုး(၅)ဂိုးအထိပါ သွင်းယူထားနိုင်ခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာ ရော်နယ်ဒိုဟာ အီရန်ဂန္တဝင် တိုက်စစ်မှူးဟောင်းကြီး အလီဒါယီရဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံး စံချိန်အထိကိုပါ လိုက်မီထားနိုင်ခဲ့တဲ့အထိ အကောင်းဆုံး ခြေစွမ်းတွေ ပြသလို့နေပေမယ့် သူတို့အသင်းအနေနဲ့ကတော့ ရော်နယ်ဒိုကိုပဲ အာရုံစိုက်ထားလို့ မဖြစ်နိုင်ဘူးလို့ နည်းပြမာတီနက်ဇ်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Twitter

မာတီနက်ဇ်က “အဓိက ကစားသမားတစ်ယောက်တည်းကိုပဲ အာရုံစိုက်မယ့် အစီအစဉ်တစ်ခုကို ချမှတ်ထားမယ်ဆိုရင် ကျန်တဲ့ကစားသမားတွေကနေ သင့်ကို ကောင်းကောင်းကြီး ဒုက္ခပေးသွားလိမ့်မယ်။ ပေါ်တူဂီအသင်းရဲ့ လက်ရှိကစားပုံအရဆိုရင် ပြိုင်ဘက်အသင်းတိုင်းကို ကောင်းကောင်းဒုက္ခပေးနိုင်တယ်။ အရှိန်အဟုန်ကောင်းကောင်းနဲ့လည်း ကစားနိုင်တယ်။ ရော်နယ်ဒိုဆုုိတာကတော့ သူ့ဆီကို အခွင့်အရေးကောင်းတစ်ခု ရောက်လာတယ်ဆိုတာပဲ ပွဲကို အလှည့်အပြောင်းဖြစ်အောင် လုပ်ဆောင်နိုင်သူမျိုးဆိုတော့ သူ့လို ကစားသမားမျိုးကို အမြဲတမ်း သတိထားဖို့တော့ လိုအပ်မှာပါ။ ဒါပေမယ့် သင့်အနေနဲ့ ဂိုးသမားကလွဲပြီး ကျန်တဲ့ကစားသမား(၁၀)ယောက်လုံးကိုလည်း အာရုံစိုက်ထားရပါလိမ့်မယ်။ ပေါ်တူဂီမှာက အရည်အသွေး တူညီတဲ့ ကစားသမားတွေပဲ။ ကျွန်တော်တို့အနေနဲ့ ကျစ်လစ်နေဖို့ လိုအပ်တယ်။ ခံစစ်ဆိုရင်လည်း တစ်သင်းလုံး တူညီစွာ ခုခံနိုင်အောင် ကစားရလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းကလည်း အရှိန်ကောင်းကောင်းနဲ့ ရှေ့ဆက်နေတာပါ။ ဘယ်အသင်းနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ အကောင်းဆုံး အာရုံစိုက် ကစားသွားမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။