အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းရဲ့ တိုက်စစ်ကစားသမား ဖြစ်သူ ဂါဘရီရယ် မာတီနယ်လီ ဟာ ခြေကျင်းဝတ် ဒဏ်ရာ ထပ်မံ ရရှိခဲ့တယ်လို့ သိရပါတယ်။ အသင်းရဲ့ နည်းပြ ဖြစ်သူ အာတီတာ က သူ့ အနေနဲ့လည်း မာတီနယ်လီ ရဲ့ ခြေကျင်းဝတ်ဒဏ်ရာပြဿနာ ထပ်မံရရှိတယ်ဆိုတဲ့ သတင်းကြားတဲ့ အခ‌ျိန်မှာ ဆွံ့အ သွားခဲ့ကြောင်း ပွဲအပြီးမှာ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ လူငယ်တိုက်စစ် ကစားသမားဖြစ်သူ မာတီနယ်လီဟာ စနေနေ့က နယူးကာဆယ် အသင်းနဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မကစားမီ သွေးပူလေ့ကျင့်ခန်း ဆင်းတဲ့ အချိန်မှာ သူ့ရဲ့ ခြေထောက်ကို မတော်တဆ လိမ်မိသွားပြီးတော့ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Express

မာတီနယ်လီ အနေနဲ့ ကွင်းဘေးမှာ ဆေးကုသမှုတွေ ခံယူခဲ့ရပြီးတော့ ပွဲထွက်လူစာရင်း ၁၁ ယောက်နေရာကနေ ဖယ်ရှားခံခဲ့ရပြီးတော့ ရီးစ် နယ်လ်ဆင် နဲ့ အစားထိုးခဲ့ရပါတယ်။ ဘရာဇီးကစားသမားလေး မာတီနယ်လီ ဟာ ဒူးဒဏ်ရာကြောင့် ခြောက်လကြာ အနားယူရာကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ပြန်လည်သက်သာလာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အခြေအနေတွေကြောင့် မာတီနယ်လီ ဟာ နောက်ထပ်တစ်ကြိမ် ကာလကြာရှည်အနားယူရမာကို ကြောက်ရွံ့နေတဲ့ ကစားသမားတစ်ဦးလို့ဆိုရင်လည်း မမှားပါဘူး။ နည်းပြ အာတီတာက အဆိုပါ မတော်တဆမှုကြောင့် မာတီနယ်လီ အနေနဲ့ မျက်ရည်တွေတောင် ကျနေကြောင်း အခုလိုပဲ ဝန်ခံပြောဆိုခဲ့ပါတယ်။

Photo Credit: Express

“ ကျွန်တော် ပါးစပ်တောင် လုံးဝ မဟနိုင်တော့ပါဘူး။ ပွဲမစခင်အချိန် ကျွန်တော်က ရုံးခန်းထဲမှာ ရှိနေတာပါ၊ အဲ့ဒီမှာ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက အခန်းထဲကို ဝင်လာပြီးတော့ သူ သူ့ခြေကျင်းဝတ်ကို လိမ်မိပြန်ပြီလို့ လာပြောခဲ့တာပါ။ သူ မျက်ရည်တွေလည်း ကျနေပြီးတော့ အတော်လေးနာကျင်နေပုံရပါတယ်။ ကျွန်တော်တို့ အားလုံး သူ့အခြေအနေ ဘယ်လိုရှိမလဲဆိုပြီး သွားကြည့်ခဲ့ပါတယ်၊ ဒါပေမယ့် ကြည့်ရတာ အခြေအနေမကောင်းပါဘူး။ သူ ဒဏ်ရာကြောင့် နာကျင်မှုကို ခံစားနေရပါတယ်။ သူက နောက်တစ်ပွဲကို ကစားချင်တဲ့ ကစားသမားတစ်ဦးပါ။ ဒဏ်ရာက တအား မပြင်းထန်ဖို့ပဲ ဆုတောင်းပါတယ် ” လို့ ပြောခဲ့ပါတယ်။ အာဆင်နယ် အသင်း အနေနဲ့ အခုချိန်မှာတော့ မာတီနယ်လီ ရဲ့ ဒဏ်ရာပြဿနာအခြေအနေ အပြည့်အစုံနဲ့ ပတ်သက်ပြီး ရလဒ်အ‌ဖြေတစ်ခုခုထွက်ပေါ်လာဖို့ အတွက် စောင့်ဆိုင်းနေကြပါတယ်။ မာတီနယ်လီ အနေနဲ့ အခုတစ်ပတ် အစောပိုင်းက ပြုလုပ်တဲ့ အင်တာဗျုးမှာလည်း သူ့ရဲ့ ဒူးမှာ အနည်းငယ် နာကျင်တာကို ခံစားနေရသေးကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ မာတီနယ်လီ ဟာ ၂၀၁၉-၂၀ ဘောလုံးရာသီအတွင်း အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံ ၂၃ ပွဲ ပါဝင် ကစားပေးခဲ့ပြီး ၁၀ ဂိုးသွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။