ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့ ဘရာဇီးလ်တို့ရဲ့ တောင်ပံတိုက်စစ် ကစားသမား မာတီနယ်လီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကိုလံဘီယာ ၂-၁ ဘရာဇီးလ် ပွဲစဉ်မှာ လက်ရွေးစင် ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။

မာတီနယ်လီရဲ့ ဘရာဇီးလ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ၊ ခြေစစ်ပွဲအဆင့် ၊ ပဉ္စမမြောက် အုပ်စုပွဲအဖြစ် ကိုလံဘီယာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ မာတီနယ်လီက ဗင်နီးစီးယပ်စ် ၊ ရိုဒရီဂို ၊ ရာဖင်ညာတို့နဲ့ တွဲဖက်ကာ ဘရာဇီးလ်ရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: Football London

ကိုလံဘီယာနဲ့ ဘရာဇီးလ်တို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ အနိုင် ၃မှတ် ရရှိရေး အတွက် ယှဉ်ပြိုင် ကစားခဲ့ကြပြီး မာတီနယ်လီက ပွဲချိန် ၄မိနစ်မှာတင် အသင်းဖော် ဗင်နီးစီးယပ်စ်ရဲ့ ပေးပို့မှုကနေ တဆင့် ဘရာဇီးလ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒီဂိုးက မာတီနယ်လီရဲ့ ဘရာဇီးလ် လက်ရွေးစင် ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုး ဖြစ်တာကြောင့် သူ့အတွက် အတော်လေး အဓိပ္ပါယ် ရှိခဲ့ပြီး ဂိုးသွင်းယူပြီးနောက် မာတီနယ်လီဟာ သူ့ရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ အသင်းဖော် ဗင်နီးစီးယပ်စ်ကို ပွေ့ဖက်ကာ အောင်ပွဲခံခဲ့ပါတယ်။

Photo Credit: Goal

မာတီနယ်လီက လက်ရွေးစင် ကစားသမားဘဝ ပထမဦးဆုံးသွင်းဂိုးကို ရရှိခဲ့ပေမယ့် ဘရာဇီးလ်ကတော့ ရရှိထားတဲ့ ဦးဆောင်ဂိုးကို မထိန်းသိမ်းနိုင်ခဲ့ပဲ ပွဲချိန် ၇၅မိနစ်နဲ့ ၇၉မိနစ်တွေမှာ လူးဝစ် ဒီယက်ဇ်ရဲ့ သွင်းဂိုး ၂ဂိုးကို ခွင့်ပြုပေးခဲ့ရတာကြောင့် အဝေးကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

ကိုလံဘီယာကို အဝေးကွင်းမှာ ရှုံးနိမ့်ပြီးနောက် ဘရာဇီးလ်က တောင်အမေရိကဇုန် ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၊ အုပ်စုအဆင့်မှာ ၅ပွဲကစား ၂ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့အတူ အဆင့်(၅)နေရာ အထိ ရောက်ရှိနေခဲ့ပါတယ်။