အာဆင်နယ်အသင်းကတော့ တိုက်စစ်ပိုင်းနဲ့ ပတ်သက်ပြီး ဒဏ်ရာကျိန်စာတွေကတော့ မလွတ်မြောက်နိုင်သေးဘဲ နယူးကာဆယ်အသင်းကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ရှုံးနိမ့်ခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုကျော့ပွဲစဉ်အတွင်း တံကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ မာတင်နယ်လီက တစ်လကျော်လောက်အထိပါ အနားယူရနိုင်တယ်လို့ သိရပါတယ်။
အာဆင်နယ်ရဲ့ အားထားရတဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘူကာယို ဆာကာနဲ့ ဂါဘရီရယ်လ် ဂျေဇူးတို့က ဒဏ်ရာအသီးသီး ရနေပြီး လက်ရှိမှာ ဆာကာက အာဆင်နယ်အတွက် ပြန်ကစားပေးဖို့ ရှိနေပေမယ့် ဂျေဇူးကတော့ ACL ထိသွားတာဖြစ်လို့ ကာလအတန်ကြာ အနားယူနေရဦးမှာပဲ ဖြစ်ပါတယ်။
Photo Credit : Goal
ဒီလို အခြေအနေကြောင့်ပဲ အာဆင်နယ်က ဆောင်းဈေးကွက်မှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဈေးကွက်သာ ပိတ်သွားခဲ့ပေမယ့် တိုက်စစ်ကစားသမား တစ်ယောက်တစ်လေမှ မခေါ်နိုင်ခဲ့ဘဲ ဖြစ်သွားခဲ့ရပါတယ်။ ဒီအချိန်မှာပဲ တောင်ပံကစားသမား မာတင်နယ်လီပါ ဒဏ်ရာ ပြဿနာ ကြုံလိုက်ရပါတယ်။
အခု အာဆင်နယ်က အက်ဖ်အေဖလားကနေ ထွက်ခွာထားခဲ့ရပြီမို့ ဒီရက်ပိုင်းမှာ ကာတာနိုင်ငံ ဒူဘိုင်းမြို့ဆီ သွားရောက်ပြီး လေ့ကျင့်ခန်း အစီအစဉ်တွေ လုပ်ဆောင်နေချိန်အတွင်း ဆာကာပါ အသင်းနဲ့အတူ ပူးပေါင်းနိုင်ပြီ ဖြစ်ပေမယ့်လည်း မာတင်နယ်လီကတော့ တံကောက်ကြောဒဏ်ရာကြောင့် တစ်လကျော်လောက်အထိ အနားယူရတော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : Sky Sports
မာတင်နယ်လီဟာ နယူးကာဆယ်နဲ့ လိဂ်ဖလားပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့လို့ ပထမပိုင်း ပွဲကစားချိန်မှာပဲ နွန်နရီနဲ့ လူစားလဲခဲ့ရသလို ဒီဒဏ်ရာကြောင့်ပဲ လက်စတာ ဝက်စ်ဟမ်း နော်တင်ဟမ်တို့နဲ့ ပွဲတွေအပြင် မန်ယူနိုက်တက် ချယ်လ်ဆီးတို့နဲ့ ဆက်တိုက် ကစားရမယ့် ပွဲစဉ်တွေကိုပါ လွဲချော်သွားရဖွယ် ရှိနေပါတယ်။
ဆာကာအနေနဲ့ကလည်း အသင်းအတွက် ချက်ချင်းကြီး ပြန်လည် ကစားပေးနိုင်မယ့် အခြေအနေမှာ မရှိသေးတာကြောင့် အာဆင်နယ်က လာမယ့်ပွဲတွေမှာ ဟာဗက်ဇ်၊ ထရော့ဆာဒ်၊ နွန်နရီ၊ စတားလင်းတို့နဲ့ပဲ တိုက်စစ်အခင်းအကျင်းကို အသုံးပြုသွားရဖွယ် ရှိနေသလို အနည်းငယ်လည်း ရုန်းကန်သွားရဖွယ် ရှိနေရပါတယ်။