ဒီရာသီမှာ အာဆင်နယ်အသင်း ပထမဆုံး ခေါ်ယူခဲ့တဲ့ ကစားသမားဟာ ပရိသတ်တွေ မျှော်လင့်ထားသလို နာမည်ကျော် ထိပ်သီးကစားသမားတစ်ယောက်မဟုတ်ပဲ အသက်(၁၈)နှစ်သာရှိသေးတဲ့ ဘရာဇီးလူငယ်ကစားသမားလေး ဂါဘရီရယ်မာတင်နယ်လီဆိုတဲ့ ချာတိတ်လေးသာ ဖြစ်နေပါတယ်။ အသင်းရဲ့အနာဂတ်အစီအစဉ်တွေကြောင့် ဒီလိုဆယ်ကျော်သက်ကစားသမားလေးတစ်ယောက်ကို ရာသီအစမှာ ပထမဆုံး ခေါ်ယူအားဖြည့်ခဲ့တာလို့ မှတ်ထင်ခဲ့ရပေမယ့်လည်း မာတင်နယ်လီက အာဆင်နယ်အတွက် ပွဲဦးထွက်ရာသီမှာပဲ မထင်မှတ်ထားလောက်အောင် ခြေစွမ်းပြသနိုင်ခဲ့လို့ အားလုံးအံ့သြမှင်သက်ခဲ့ရပါတယ်။

Photo Credit : Liga Olaharga

ဘရာဇီးလူငယ်တိုက်စစ်ကစားသမားလေး မာတင်နယ်လီဟာ လက်ရှိမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၂၆)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၁၀)ဂိုးတောင် သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၄)ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ အသင်းနဲ့ စတင်ပွဲဦးထွက်ခဲ့ရတဲ့ ဘောလုံးရာသီမှာပဲ အတော်လေးကို ခြေစွမ်းပြထားနိုင်ခဲ့တဲ့ မာတင်နယ်လီနဲ့ပတ်သက်ပြီး သူရဲ့အာဆင်နယ်အသင်းဖော်ဖြစ်တဲ့ ဘယ်နောက်ခံကစားသမားလေး ကီရန်တီယာနေးကလည်း မာတင်နယ်လီဟာ World-class ကစားသမားတစ်ယောက်အဖြစ် ရပ်တည်လာနိုင်လိမ့်မယ်လို့ ချီးမွမ်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Mirror

တီယာနေးက “သူရဲ့အောင်မြင်မှုအပေါ် ဆာလောင်မွတ်သိပ်တဲ့စိတ်တွေနဲ့ သူရဲ့အရည်အချင်းတွေ တစ်ခုတည်းအဖြစ် အားလုံးစုပေါင်းသွားချိန်မှာ ကမ္ဘာ့အဆင့်ရှိ ကစားသမားတစ်ယောက်ရဲ့ပုံစံမျိုး ဖြစ်သွားသလိုပါပဲ။ သူက သိပ်မကြာခင်မှာ World-class ကစားသမားအဖြစ်နဲ့ အချိန်အကြာကြီး ရပ်တည်နေနိုင်တော့မှာပါ။ အသင်းနဲ့ အချိန်ပြည့်လေ့ကျင့်ခန်းကစားနေရချိန်မှာ မာတင်နယ်လီနဲ့ ယှဉ်ကစားခဲ့ရသလို သူရဲ့ကစားဟန်က ကျွန်တော့်ကို အလွန်အံသြမှင်သက်စေခဲ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တွေးမိသေးတယ်။ ငါအာဆင်နယ်အသင်းမှာ ကစားဖို့အတွက် စံနှုန်းတစ်ခုလိုအပ်နေပါသေးလားဆိုပြီး တွေးမိပါတယ်” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ တီယာနေးဟာလည်း မာတင်နယ်လီလိုပဲ ဒီရာသီမှ ဆဲလ်တစ်အသင်းကနေ အာဆင်နယ်အသင်းဆီ ရောက်ရှိလာခဲ့သူဖြစ်ပြီး ဒဏ်ရာပြသာနာတွေကြောင့် ပွဲထွက်ခွင့်နည်းပါးနေရပါတယ်။