ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ်ပါ လုပ်ကိုင် ဆောင်ရွက်နေတဲ့ မာတင်ကီအွန်ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ အာဆင်နယ် ၁-၀ ပီအက်စ်ဗွီ ပွဲစဉ်မှာ အာဆင်နယ် အတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ချာကာကို အာဆင်နယ်ရဲ့ အရေးအပါဆုံး ကစားသမားတွေထဲက တယောက်လို့ ပြောကာ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

အာဆင်နယ်က ယမန်နေ့ညမှာ ယူရိုပါလိဂ်ပွဲကျန် အဖြစ် အုပ်စုဗိုလ်လုဘက် ပီအက်စ်ဗွီကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ တပွဲလုံးနီးပါး ဖိကစားနိုင်ခဲ့သလို ကွင်းလယ်လူ ချာကာရဲ့ လှပတဲ့ မြေမကျကန်ချက်နဲ့အတူ အဖိုးတန် နိုင်ပွဲ တပွဲကို ရခဲ့သလို အုပ်စုပွဲ ၄ပွဲ အပြီးမှာပဲ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

အာဆင်နယ်က ယခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဗွီ ၊ ဘိုဒို ၊ ဇူရစ် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေရာ အုပ်စုပွဲ ၄ပွဲ ကစားပြီးချိန်မှာ ၄ပွဲစလုံးကို အနိုင်ရခဲ့တာကြောင့် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့သလို နောက်ထပ် ကစားရမယ့် ပီအက်စ်ဗွီနဲ့ပွဲမှာ မရှုံးနိမ့်အောင် ကစားနိုင်ရုံနဲ့ အုပ်စုဗိုလ်နေရာကို သိမ်းပိုက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ပီအက်စ်ဗွီကို အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ အာဆင်နယ်ရဲ့ ယူရိုပါလိဂ် ခရီးစဉ် အတွက် အရေးပါတဲ့ နိုင်ပွဲ တပွဲ ဖြစ်ခဲ့ပြီး အာဆင်နယ် ဂန္တဝင် ကစားသမားကြီး မာတင်ကီအွန်ကတော့ တချိန်က အသင်းပရိသတ်တွေနဲ့ ရန်ဖြစ်ကာ အသင်းရဲ့ ချဉ်ဖတ်လို့ ဝေဖန်ခံခဲ့ရာ ကနေ ဒီရာသီမှာ အသင်းရဲ့ မရှိမဖြစ် ကစားသမား တယောက်လို ဖြစ်နေတဲ့ ချာကာရဲ့ ပြောင်းလဲလာတဲ့ စိတ်ဓာတ်ပိုင်းနဲ့ ကစားပုံကို သဘောကျနေပြီး ချာကာဟာ အာဆင်နယ်ရဲ့ ဟီးရိုး တယောက် ဖြစ်နေပြီလို့ ချီးကျူးသွားခဲ့ပါတယ်။

 

Photo Credit: Mirror

မာတင်ကီအွန်က – “ချာကာက တခြားပွဲတွေမှာ Box to Box ကစားသမား တယောက်လို ကစားခဲ့တာပါ။ ဒီနေ့ပွဲမှာတော့ သူက တိုက်စစ်မှူးရဲ့ အနောက်ကနေ ကစားပြသွားတယ်လို့တောင် ပြောရပါမယ်။ ဒီနေ့ပွဲမှာ သူက ဘယ်အချိန်မှာ တိုက်စစ်လိုက်ပြီး ကစားရမလဲ ဆိုတာကို ကောင်းကောင်းကြီး သိတဲ့ အကြောင်း သက်သေပြသွားခဲ့ပါတယ်။ သူက အခွင့်အရေး ရလာမယ့် အချိန်ကို ချောင်းနေခဲ့တာပါ။ ပြီးတော့ သူ့ရဲ့ အဆုံးသတ်ပိုင်းကလည်း တကယ်ကို ကောင်းခဲ့ပါတယ်။ အခုချိန်က ချာကာအတွက် အပျော်ရွှင်ရဆုံး အချိန်တွေထဲက တခု ဖြစ်နေပါလိမ့်မယ်။ သူက အသင်းမှာ တကယ်ကို ခက်ခဲတဲ့ အချိန်ကာလ တခုကို ဖြတ်သန်းခဲ့ရသူပါ။ အရာအားလုံးက သူနဲ့ ဆန့်ကျင်ဘက်လို ဖြစ်ခဲ့ပေမယ့် အခုတော့ သူက အသင်းအတွက် အရေးပါတဲ့ ကစားသမား တယောက် ဖြစ်နေပါပြီ။ ချာကာက အာဆင်နယ်ရဲ့ အောင်မြင်မှုတွေ အတွက် သော့ချက် တခုလို ဖြစ်လာမယ့် ကစားသမားပါ” လို့ ချာကာကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။