ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တစ်ဦးဖြစ်တဲ့ မာတင်ကီအွန် ကတော့ လက်ရှိ အချိန်မှာ အသင်းရဲ့ ဘုတ်အဖွဲ့နဲ့ ပြဿနာ တက်ထားတာကြောင့် ပွဲထွက်ခွင့်မရပဲ ဖြစ်နေတဲ့ အသင်းဟောင်း အာဆင်နယ်အသင်းရဲ့ အဓိက ကွင်းလယ်လူ အိုဇေးလ်ကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ အသက် ၃၁နှစ် အရွယ် ဂျာမန် ကွင်းလယ် ကစားသမား အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ အထိ ရရှိနေသူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ မတ်လ ၈ရက်နေ့မှ စတင်ကာ လက်ရှိ အချိန်အထိ အာဆင်နယ်အသင်းအတွက် ထပ်မံ ကစားပေးရခြင်း မရှိတော့ပါဘူး။

Photo Credit: Daily Cannon

အိုဇေးလ်ဟာ တစ်ချိန်က အာဆင်နယ်အသင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ဦး ဖြစ်ခဲ့ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း တိုးလိုက်ချိန်မှ စတင်ကာ သူ့ရဲ့ များပြားလှတဲ့ လုပ်ခလစာငွေကြောင့် အသင်းဘုတ်အဖွဲ့ရဲ့ ဖိအားပေးမှုတွေကို ခံခဲ့ရပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ အာဆင်နယ်အသင်းက လစာငွေ လျှော့ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် အိုဇေးလ်ကတော့ အဆိုပါ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ အဆိုပါ ငြင်းပယ်မှု အပြီးမှာပဲ အိုဇေးလ်နဲ့ အာဆင်နယ် ဘုတ်အဖွဲ့ရဲ့ ဆက်ဆံရေးဟာ အတော်လေးကို ဆိုးရွားလာခဲ့ကာ အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ် လူစာရင်း ကနေ ထုတ်ပယ် ခံရတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။ အိုဇေးလ်ရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး အာဆင်နယ် အသင်းရဲ့ ဂန္တဝင် နောက်ခံလူ ကီအွန် ကတော့ အိုဇေးလ်ကိုသာ အပြစ်တင်သွားပြီး အသင်းက ခက်ခဲနေတဲ့ အချိန်မှာ လစာငွေ လျှော့ယူသင့်ကြောင်း ဝေဖန် သွားခဲ့ပါတယ်။

Photo Credit: Daily Cannon

အိုဇေးလ်ရဲ့ လက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သတ်ပြီး ကီအွန်က ” အိုဇေးလ်ကို အာတီတာက ပွဲထွက်ခွင့် မပေးတာဟာ အိုဇေးလ်ရဲ့ အလုပ်အပေါ် ထားတဲ့ စိတ်ဓာတ်ကို မကြိုက်တာက အကြောင်းပြချက်တွေထဲက တစ်ခုပါ။ သူက သင်ယူစရာ ရှိရင် သင်ယူတတ်တဲ့လူ မဟုတ်ပါဘူး။ ပရဟိတ လုပ်ငန်းတွေ လုပ်တာကြောင့် သူ့မှာ ကောင်းမွန်တဲ့ နှလုံးသား တစ်ခု ရှိမယ် လို့ ကျွန်တော် ထင်ခဲ့ပါတယ်။ ဒါပေမယ့် လူတိုင်းနဲ့ သက်ဆိုင်တဲ့ လစာငွေ လျှော့ချရေးကိစ္စမှာ ပြန်ပြီး မေးခွန်းထုတ်တာ ကတော့ သူနဲ့ မဆိုင်တဲ့ လုပ်ရပ်လို့ပဲ မြင်ပါတယ်။ သူဟာ အသင်းက ချမှတ်တဲ့ အရာကို လိုက်နာဖို့ လိုပါလိမ့်မယ်။ ခင်ဗျား စဉ်းစားကြည့်ဗျာ။ သူ့ကို အာဆင်နယ်အသင်းက တစ်နှစ်အတွက် ပေါင် ၁၈သန်း ပေးနေရတယ်။ ဒါက သူတို့အနေနဲ့ အမ်းမရိတ်ကွင်းကို တစ်နှစ်ငှားရမ်းခနဲ့ အတူတူပဲ။ ဒါက တကယ့် အခြေအနေပဲ။ အာဆင်နယ်အသင်းက သူတို့ရဲ့ ဆုံးရှုံးမှုတွေကို ဖာထေးနိုင်ဖို့ သူ့ကို လစာငွေ လျှော့ချဖို့ လိုအပ်ခဲ့တယ်။ အခု ဖြစ်နေတာတွေက အသင်းတစ်သင်းလုံး အတွက် သင်ခန်းစာပဲ။ သူတို့တွေ ဒါကို ကောင်းကောင်း ဖြတ်ကျော်နိုင်မှ ရမယ် ” ဆိုပြီး ပြောကြားသွားခဲ့တာပါ။