ဘာစီလိုနာအသင်းရဲ့ ဒိန်းမတ်တိုက်စစ်ကစားသမားဖြစ်သူ မာတင်ဘရေ့ဝိတ်ကတော့ လက်ရှိအချိန်မှာ သူရဲ့အမေရိကန်အခြေစိုက် အိမ်ခြံမြေစီးပွားရေးလုပ်ငန်းမှာ အောင်မြင်မှုတွေ များစွာရရှိလာခဲ့တာကြောင့် သူရဲ့ကြွယ်ဝချမ်းသာမှုက မြင့်တတ်လာခဲ့ရပြီး လက်ရှိ ဘာစီလိုနာအသင်းအတွင်း အကြွယ်ဝဆုံး ကစားသမားဖြစ်သူ လီယွန်နယ်မက်ဆီမှာလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးနေတာကြောင့် ဘရေ့ဝိတ် မက်ဆီရဲ့နေရာကို ရယူပြီး အသင်းရဲ့ အချမ်းသာဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : FC Barcelona Noticias

အသက်(၃၀)အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘရေ့ဝိတ်ဟာ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလမှာပဲ လီဟာနက်စ်ကနေ ဘာစီလိုနာအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသလို သူရဲ့တစ်ပတ်လုပ်ခလစာကလည်း ပေါင်(၈၅၀၀၀)သာ ရရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူး ဘရေ့ဝိတ်ဟာ ၂၀၁၇ခုနှစ်အတွင်းမှာပဲ သူရဲ့ဦးလေးတော်စပ်သူ ဖီးလစ်မိုက်ကယ် NYCE အမည်ရှိ အမေရိကန်အခြေစိုက် အိမ်ခြံမြေကုမ္မဏီမှာ အမေရကိန်ဒေါ်လာ (၈)သိန်းခွဲအထိ ရင်းနှီးမြှပ်နှံထားခဲ့ရာ လက်ရှိမှာ ဒီလုပ်ငန်းက စီးပွားရေးအောင်မြင်မှုတွေ ရရှိလာခဲ့တဲ့အတွက် ဘရေ့ဝိတ်ရဲ့ လုပ်ငန်းကြီးဟာ (၄)နှစ်တာကာလအတွင်းမှာပဲ အမေရိကန်ဒေါ်လာ သန်း(၂၅၀)လောက် ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Tribuna

ဒိန်းမတ်အခြေစိုက် သတင်းမီဒီယာတစ်ခုရဲ့ ဖော်ပြချက်တွေအရ ဘရေ့ဝိတ်နဲ့ ဖီးလစ်မိုက်ကယ်တို့ တိုက်ခန်းပေါင်း (၁၅၀၀)ကျော်လောက်အထိနဲ့ ဆောက်လုပ်ရေးလုပ်ငန်းပေါင်း (၅၀၀)ကျော်လောက်အထိကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ ဒီလို အချိန်တိုလေးအတွင်း အောင်မြင်လာခဲ့တာဟာ ဘရေ့ဝိတ်ရဲ့ လုပ်ငန်းအပေါ် အရေးကြီးတဲ့ အခန်းကဏ္ဍာကနေ ပါဝင်ခဲ့မှုကြောင့်ဖြစ်ပြီး သူရဲ့လုပ်ငန်းအပေါ် ထားရှိတဲ့ နည်းဗျူဟာတွေနဲ့ ရေရှည်ရပ်တည်နိုင်အောင် ကြိုးပမ်းမှုတွေက အလွန်ကို အရေးပါခဲ့တယ်လို့ ဖီးလစ်မိုက်ကယ်က ပြောဆိုထားခဲ့ပါတယ်။ လက်ရှိမှာတော့ ဘရေ့ဝိတ်ဟာ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းကနေ ရောင်းထုတ်ခံရဖို့ ရှိနေပြီး သူ့ကို ပရီးမီးယားလိဂ်က ကလပ်အသင်းတွေများစွာကနေ ပစ်မှတ်ထားလျက် ရှိနေပါတယ်။