မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး အန်သိုနီ မာရှယ်ကတော့ ယူနိုက်တက်ရဲ့ အသစ်စက်စက် ခံစစ်မှူး ဖြစ်သူ ဗာရန်းကို အင်္ဂလန်မြေမှာ အသားကျအောင်နဲ့ ခြေစွမ်းပြနိုင်အောင် ကူညီပေးမယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မာရှယ်နဲ့ ဗာရန်းတို့ဟာ ပြင်သစ်နိုင်ငံသားတွေ ဖြစ်ကြပြီး ပြင်သစ် လက်ရွေးစင်အသင်းမှာလည်း အတူတကွ တွဲဖက် ကစားခဲ့ဖူးသူတွေပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဗာရန်း အပါအဝင် ပြင်သစ်ကစားသမား ၄ဦး အထိ ရှိပြီး အဆိုပါ ကစားသမားတွေကတော့ ဗာရန်း ၊ ပေါ့ဘာ ၊ မာရှယ်နဲ့ မက်ဂျ်ဘရီတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အသက် ၂၈နှစ် အရွယ် ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား အပါအဝင် ဆုဖလားပေါင်း များစွာကို ရယူနိုင်ခဲ့တဲ့ အတွေ့အကြုံရင့် ကစားသမား တဦး ဖြစ်ပြီး လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ခံစစ်မှူးတွေထဲက တဦးပါ။

 

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ဗာရန်းကို ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း + အပိုဆုတွေ ပေးချေကာ ခေါ်ယူခဲ့ပြီး ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အသက် ၂၅နှစ် အရွယ် အန်သိုနီ မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောက်ရှိနေတာ ၆နှစ် ရှိနေပြီ ဖြစ်တာကြောင့် အသင်းထံ ယခုမှ ရောက်ရှိလာတဲ့ နိုင်ငံအသင်းဖော် ဗာရန်းကို အင်္ဂလန်မြေမှာ အသားကျသွားအောင် ကူညီပေးမယ်လို့ ဆိုသွားပါတယ်။

မာရှယ်က – “ဗာရန်းက ပွဲကြီးပွဲကောင်းတွေ အတွက် မွေးဖွားလာတဲ့ ကစားသမား တဦးပါ။ သူ (ဗာရန်း) အသင်းမှာ အထိုင်ကျဖို့ အချိန်အကြာကြီး လိုမယ် မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော်က သူ့ကို အသေးအဖွဲ ကိစ္စတွေက အစ ကူညီဖို့ အဆင်သင့် ရှိနေပါတယ်။ သူက အတွေ့အကြုံရင့် ကစားသမား တဦးပါ။ ပြီးတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပြင်သစ်အသင်းတို့မှာ ကစားခဲ့တုန်းက ဆုဖလားပေါင်း များစွာကို အရယူနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ အသင်းဆီကို သူ့ရဲ့ အရည်အချင်းတွေ ယူဆောင်လာမယ် ဆိုတာ ကျွန်တော် ရဲရဲကြီး အာမခံရဲပါတယ်။ သူက ထိပ်တန်း ကစားသမား ဖြစ်တာကြောင့် ယူနိုက်တက်မှာ ကောင်းကောင်းကြီး ကစားနိုင်မှာပါ” လို့ ပြောကြားခဲ့တာပါ။