ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ အန်သိုနီ မာရှယ် ကတော့ ယခုနှစ် ဘောလုံးရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေကြောင်း သူ့ရဲ့ အေးဂျင့်ဖြစ်သူ လန်ဘော်လေက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ ၂၀၁၅ခုနှစ်မှာ ပြင်သစ် နာမည်ကြီးကလပ် မိုနာကိုအသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းရဲ့ သက်တော်ရှည် ကစားသမားတွေထဲက တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဘယ်တောင်ပံတိုက်စစ်နဲ့ အထောင်တိုက်စစ်မှူး နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၂၆၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇၉ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၅၁ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေက မာရှယ်ကို အသင်းရဲ့ အဓိက ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ထားကြပေမယ့် မာရှယ်ကတော့ လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြင်သစ်အသင်းနဲ့ အတူ ဝင်ရောက် ယှဉ်ပြိုင်ချင်တာကြောင့် ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit: Sky Sports

မာရှယ်ရဲ့ အေးဂျင့်ဖြစ်သူ လန်ဘော်လေက မာရှယ် တယောက် ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေတဲ့ အကြောင်းကို ယခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ လန်ဘော်လေက – “အန်သိုနီက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာချင်နေပါတယ်။ သူက ပုံမှန် ပွဲထွက်ခွင့် လိုချင်တယ်။ ဒါကြောင့် သူက အသင်းကနေ ထွက်ခွာချင်နေတာ ဖြစ်ပြီး မကြာခင်မှာ ကျွန်တော်နဲ့ အသင်းရဲ့ တာဝန်ရှိသူတွေ ဒီကိစ္စ အတွက် ဆွေးနွေးကြမှာပါ” လို့ ပြောကြားခဲ့တာပါ။

လက်ရှိမှာတော့ မာရှယ်ကို ခေါ်ယူဖို့ အတွက် စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းက စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ မာရှယ်ကို အပြီးသတ် ရောင်းချဖို့ထက် ရာသီဝက်အငှားနဲ့သာ ထွက်ခွာခွင့် ပေးဖို့ စဉ်းစားနေပါတယ်။