ပြီးခဲ့တဲ့ ရက်သတ္တပတ်ခန့်ကနေ စတင်ပြီး ကောလဟာလ သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေတဲ့ တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်က လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာချင်ကြောင်း ယူနိုက်တက်နည်းပြ ရန်းနစ်ကို ကိုယ်တိုင်ဖွင့်ဟ ပြောဆိုလာခဲ့ပေမယ့် ရန်းနစ်ကတော့ မာစီယဲလ်ကို ကမ်းလှမ်းထားတဲ့ ကလပ်အသင်း မရှိသေးကြောင်းသာ ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Eurosports

အသက်(၂၆)နှစ်အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ၂၀၁၅ခုနှစ်ကတည်းက မိုနာကိုကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း သူရဲ့ခြေမမှန်မှု ပုံစံကောင်းကို ဆက်လက်မထိန်းထားနိုင်မှုတွေကြောင့် သွင်းဂိုးပိုင်း ကျဆင်းလာခဲ့ရသလို ဒီရာသီမှာဆိုရင်လည်း အသင်းဆီ ရော်နယ်လ်ဒို ဆန်ချိုတို့ ရောက်ရှိလာခဲ့တာကြောင့် မာစီယဲလ်ရဲ့ ပွဲကစားခွင့်တွေက အရမ်းကို နည်းပါးလာခဲ့ရတာ ဖြစ်ပါတယ်။ ဒီနှစ်ရာသီမှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် (၇)ပွဲသာ ပါဝင်ထားရပြီး သွင်းဂိုး(၁)ဂိုးပဲ သွင်းယူထားနိုင်ရတဲ့ မာစီယဲလ်က လက်ရှိအချိန်မှာ ယူနိုက်တက်နဲ့ လမ်းခွဲချင်နေတာကြောင့် မာစီယဲလ်ကိုယ်တိုင် နည်းပြရန်းနစ်ကို အသင်းက ထွက်ခွာချင်ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Clutch Points

အခုလို မာစီယဲလ် အသင်းပြောင်းချင်နေတာနဲ့ ပတ်သက်ပြီး ရန်းနစ်က “ကျွန်တော်တို့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ပါတယ်။ သူက ပြီးခဲ့တဲ့ (၇)နှစ်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိနေခဲ့တာနဲ့ အပြောင်းအလဲတစ်ခုကို ပြုလုပ်ဖို့ တခြားနေရာတစ်ခုကို ပြောင်းသွားဖို့ အချိန်တန်လာခဲ့ပြီလို့ ခံစားလာရမိကြောင်းကို ရှင်းပြသွားခဲ့တယ်။ သူရဲ့ အခြေအနေကို ကျွန်တော် နားလည်နိုင်သလို သူရဲ့ တွေးခေါ်မှုကိုလည်း လိုက်လျောသွားချင်ပေမယ့် တစ်ဖက်မှာလည်း ကလပ်အသင်းရဲ့ အခြေအနေတွေကို ပြန်ကြည့်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့က အခု ကိုဗစ်ကာလထဲမှာ ရှိနေသေးတာ ဖြစ်ပြီးတော့ ဒီကာလအတွင်းမှာပဲ ကျွန်တော်တို့က မြင့်မားတဲ့ ရည်မှန်းချက်တွေ ရှိထားသလို ပြိုင်ပွဲ(၃)ခုအတွင်းမှာပါ တတ်နိုင်သမျှ အောင်မြင်မှုတွေ ရယူသွားချင်ပါတယ်။ ဘယ်အပြောင်းအရွှေ့မဆို ကစားသမားအတွက် အကျိုးစီးပွားအတွက်သာမက အသင်းရဲ့ အကျိုးစီးပွားအတွက်ပါ ဖြစ်သင့်ပါတယ်။ အခုချိန်ထိကတော့ ကျွန်တော်သိသလောက် ဘယ်ကလပ်အသင်းကမှ ကမ်းလှမ်းထားတာ မရှိသေးသလို ဒီအခြေအနေတိုင်းပဲ ဆက်ရှိနေရဦးမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။