ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ အန်သိုနီ မာရှယ်ကတော့ သူနဲ့ တွဲကစားဖူးတဲ့ ကစားသမားတွေထဲမှာ ဘယ်သူက အကောင်းဆုံးလဲ ဆိုတဲ့ မေးခွန်းကို ဖြေဆိုရချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ဝိန်းရွန်းနီကို အကောင်းဆုံး အသင်းဖော် အဖြစ် ရွေးချယ်သွားခဲ့ကြောင်း သိရပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်သိုနီ မာရှယ်က ၂၀၁၅ခုနှစ်မှာ ပြင်သစ် လီဂူးဝမ်းကလပ် မိုနာကို ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက်ရဲ့ သက်တော် အရှည်ဆုံး ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

အန်သိုနီ မာရှယ်က မန်ချက်စတာ ယူနိုက်တက်ထံ စတင် ရောက်ရှိချိန်ကတည်းက အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာတွေကြောင့် မန်ချက်စတာ ယူနိုက်တက် ကနေ ဆီဗီးလားထံ အငှားနဲ့ သွားရောက် ကစားခဲ့ရပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရပါတယ်။

မာရှယ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား ဘဝမှာ ပြိုင်ပွဲစုံ ၂၇၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇၉ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅၁ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာတော့ မာရှယ်က ဒဏ်ရာတွေကြောင့် ၁ပွဲသာ ဝင်ရောက် ကစားထားနိုင်ပေမယ့် အဆိုပါပွဲမှာတင် ဂိုးဖန်တီးမှု ၁ကြိမ် ရယူထားနိုင်ပါတယ်။

Photo Credit: Sky Sports

မာရှယ်က မန်ချက်စတာ ယူနိုက်တက်နဲ့ ပြင်သစ်အသင်းလို ထိပ်သီးအသင်းတွေမှာ ကစားနေသူ ဖြစ်တာကြောင့် သူ့ရဲ့ ကစားသမား ဘဝမှာ ထိပ်တန်း ကစားသမား များစွာနဲ့ တွဲဖက် ကစားခွင့် ရခဲ့ပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မာရှယ်က သူ့ဘဝရဲ့ အကောင်းဆုံး အသင်းဖော် အဖြစ် ဝိန်းရွန်းနီကို ရွေးချယ်သွားခဲ့ပါတယ်။

မာရှယ်က – “ဒီတခါတော့ ကျွန်တော်က ဝိန်းရွန်းနီ အကြောင်းကို ပြောချင်တယ်ဗျ။ ကျွန်တော်နဲ့ တွဲဖူးတဲ့ ကစားသမားတွေထဲမှာ ဝိန်းက အကောင်းဆုံး ကစားသမားပါ။ ဝိန်းက အမြဲတမ်း အသင်းအတွက်ပဲ ခေါင်းထဲ ထည့်ထားတဲ့သူပါ။ သူက အသင်းအတွက် အကောင်းဆုံး ပေးဆပ် ကစားတယ်။ ၁၀၀ရာခိုင်နှုန်း အပြည့်ပဲ။ သူက ဇီဇာမကြောင်တတ်ဘူး။ လုံးဝကို မွန်းစတား တကောင်လိုပါပဲ။ ပြီးတော့ ဘောလုံးသမား တဦးအနေနဲ့ ပြောရမယ် ဆိုရင် ရွန်းနီဟာ စံပြကစားသမားပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။