ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး အန်သိုနီ မာရှယ်ကတော့ ယမန်နေ့ညမှာပဲ စပိန်လာလီဂါ ကလပ် ဆီဗီးလားအသင်းဆီ ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့ခွင့် ပြုဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တင်ပြ တောင်းဆိုခဲ့ကြောင်း နာမည်ကြီး ဥရောပ အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပေမယ့် အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ တာစူနေသူပါ။

Photo Credit: AS English

မာရှယ်ဟာ ယခင်နှစ်တွေက အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ကစားခဲ့ရပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ရိုနယ်ဒို ၊ ဆန်ချိုတို့ ရောက်ရှိလာမှုတွေကြောင့် စတုတ္ထ ဦးစားပေး တိုက်စစ်မှူး နေရာကို ရောက်ရှိသွားခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၃၅၉မိနစ်သာ ကစားခဲ့ရကာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲထွက်ခွင့် နည်းပါးနေတာကြောင့် လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြင်သစ်အသင်းနဲ့ အတူ ဝင်ရောက် ယှဉ်ပြိုင်ချင်နေတဲ့ မာရှယ်ဟာ ပုံမှန် ပွဲထွက်ခွင့် ရရှိမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေပြီး လတ်တလောမှာတော့ စပိန်လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားအသင်းက မာရှယ်ကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်ထားပါတယ်။

Photo Credit: AS English

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ မာရှယ်က လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဆီဗီးလားအသင်းထံ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ခွင့် ပြုဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့သလို လာမယ့် ရက်ပိုင်းအတွင်းမှာလည်း အသင်းရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ်နဲ့ တွေ့ဆုံပြီး သူ့ရဲ့ အနာဂတ်အတွက် ဆွေးနွေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ မာရှယ်ကို အငှားနဲ့ လက်လွှတ်ဖို့ထက် အပြီးသတ်သာ ရောင်းချဖို့ ဆန္ဒရှိနေပြီး မာရှယ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် လိုချင်နေတာကြောင့် ဆီဗီးလားအသင်းဟာ မာရှယ်ကို ခေါ်ယူချင်ပါက ရာသီဝက်အငှား + ရာသီကုန်မှာ ယူရို ၄၀သန်းနဲ့ အပြီးသတ် ခေါ်ယူပါ့မယ် ဆိုတဲ့ အချက်မျိုး ပါဝင်တဲ့ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းရန် လိုအပ်နေကြောင်း 90Min သတင်းဌာနက ဆိုပါတယ်။