ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်ကတော့ လိဒ်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ အသင်းဖော်ဟောင်း ဒန်နီရယ်ဂျိမ်းစ်ကို အသင်းသစ်မှာ အဆင်ပြေပါစေကြောင်း နှုတ်ဆက်စကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဝေးလ်လက်ရွေးစင် တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ဟာ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံး နေ့ရက်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ လိဒ်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်း + အပိုဆုကြေး ပေါင် ၅သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: BBC

ဒန်နီရယ်ဂျိမ်းစ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ၂၀၁၉ခုနှစ်မှာ ဆွမ်ဆီးအသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၇၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဒန်နီရယ်ဂျိမ်းစ်ဟာ ဆွမ်ဆီးအသင်းမှာ ရှိနေစဉ်ကတည်းက သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ လိဒ်ယူနိုက်တက်အသင်းဆီ ရောက်ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကစားစဉ်က သူနဲ့ အတွဲညီဖူးတဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်ကတော့ အသင်းသစ်မှာ ဒန်နီရယ်ဂျိမ်းစ်အနေနဲ့ အောင်မြင်မှု များစွာ ရရှိပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

Photo Credit: BBC

အန်သိုနီ မာရှယ်ဟာ သူ့ရဲ့ အင်စတာဂရမ် My Dayမှာ ဒန်နီရယ်ဂျိမ်းစ်ကို Mention ခေါ်ပြီး အရာအားလုံးမှာ အကောင်းဆုံးပဲ ဖြစ်ပါစေ ညီအစ်ကိုရေ လို့ ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။