ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ အန်သိုနီ မာရှယ်က လေ့ကျင့်ခန်း ဆင်းနေရင်း ပေါင်ခြံကြွက်သားဒဏ်ရာ ရရှိသွားတာကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ရဲ့ ရာသီအဖွင့်ပွဲကို လွဲချော်ရဖို့ ရှိနေကြောင်း နာမည်ကြီး သတင်းထောက် လော်ရီ ဝှိုက်ဝဲလ်က ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်သိုနီ မာရှယ်က ရာသီကြိုကာလ အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်ခဲ့သူ ဖြစ်ပြီး သူက ရာသီကြို ခြေစမ်းပွဲတွေမှာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူနိုင်ခဲ့သူပါ။

Photo Credit: Express

 

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ရာသီသစ် အဖွင့်ပွဲမှာ မာရှယ် ၊ ရက်ဖို့ဒ်နဲ့ ဆန်ချိုတို့ရဲ့ သုံးဦးတွဲ တိုက်စစ်ကို အသုံးပြုဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ မာရှယ်ဟာ ပေါင်ခြံကြွက်သားဒဏ်ရာ ရရှိသွားတာကြောင့် ရက်အနည်းငယ် အနားယူရပါတော့မယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်က ယခုရက်ပိုင်း အတွင်း ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ် တခုမှာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာကြောင့်ပဲ ဘရိုက်တန်နဲ့ ပွဲစဉ်ကို လွဲချော်ရတော့မယ်လို့ သိရပါတယ်။

Photo Credit: Express

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဘရိုက်တန်နဲ့ပွဲမှာ အသင်းနဲ့ လေ့ကျင့်သား မပြည့်ဝသေးတဲ့ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ထည့်သွင်း အသုံးပြုရဖို့ ရှိနေပြီး ဆက်စပ် သတင်းတွေအရ ယူနိုက်တက်ရဲ့ နောက်ထပ် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ဆန်ချိုကလည်း အဖျားရောဂါကြောင့် ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်နေရကြောင်း သိရှိထားရပါသေးတယ်။