ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပြင်သစ် လက်ရွေးစင်အသင်းတို့ရဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူကရိန်းအသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ၅နှစ်နီးပါး ကြာအောင် နိုင်ငံအသင်းမှာ ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ယူကရိန်းအသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ ပွဲစဉ်ဟာ တဖက် တဂိုးစီ သရေရလဒ်နဲ့သာ အဆုံးသတ်ခဲ့ပြီး အဆိုပါပွဲစဉ်မှာတော့ မာရှယ်နဲ့ သူ့ရဲ့ ကလပ်အသင်းဖော် ပေါ့ဘာတို့ဟာ ပြင်သစ်အသင်း အတွက် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပါတယ်။

Photo Credit: French Football

အဆိုပါပွဲစဉ်မှာ ဦးဆောင်ဂိုးကို စတင် ရရှိခဲ့တဲ့ အသင်းဟာ ယူကရိန်းအသင်း ဖြစ်ပြီး ယူကရိန်းအသင်းဟာ ပွဲကစားချိန် ၄၄မိနစ်မှာပဲ တန်ပြန်တိုက်စစ် ကနေ ရှာပရန်ကို သွင်းယူပေးခဲ့တဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပါတယ်။ ပြင်သစ်အသင်း အတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၅၀မိနစ်မှာ မာရှယ်က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

ယူကရိန်းအသင်းနဲ့ပွဲစဉ်က သွင်းဂိုးဟာ မာရှယ်အတွက် ၂၀၁၆ခုနှစ် စက်တင်ဘာလ နောက်ပိုင်း ပြင်သစ်အသင်း အတွက် သွင်းယူပေးနိုင်ခဲ့တဲ့ ပထမဦးဆုံး သွင်းဂိုး ဖြစ်ပြီး ၅နှစ်နီးပါး ကြာအောင် နိုင်ငံအသင်း အတွက် ဂိုးပေါက် ပျောက်ဆုံးနေမှုကို မာရှယ်ဟာ ယနေ့မှာ အဆုံးသတ်နိုင်ခဲ့တာပါ။

Photo Credit: French Football

မာရှယ်က ဂိုးပေါက် ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိပေမယ့် ယူကရိန်းအသင်းနဲ့ သရေကျခဲ့တဲ့ အတွက် စိတ်ပျက်မိကြောင်း ၊ လာမယ့်ပွဲစဉ်မှာ အနိုင်ရလဒ် ပြန်လည် ရရှိအောင် အကောင်းဆုံး ကြိုးစားသွားမယ့်အကြောင်း ပွဲအပြီးမှာ ပြောကြားသွားပါတယ်။

မာရှယ်က – “အသင်းအတွက် သွင်းဂိုး ပြန်လည် သွင်းယူပေးနိုင်တဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော် ဂိုးမသွင်းနိုင်တာက အတော်လေးကို ကြာနေပြီလေ။ အဲ့ဒါက အတော်လေးကို ကြာမြင့်ခဲ့ပါတယ်။ ဒီနေ့ပွဲက ကျွန်တော်တို့ အတွက် အတော်ကို ခက်ခဲတဲ့ပွဲပါ။ ဒါပေမယ့် ကျွန်တော်တို့တွေ ချေပဂိုးကို ပြန်လည် ရှာဖွေနိုင်ခဲ့တယ်။ ဒါက အရေးကြီးတဲ့ အချက်ပါ။ ကျွန်တော်တို့တွေ နောက်ထပ် တပွဲ ထပ်ကစားဖို့ ကျန်သေးတယ်။ ပြီးတော့ အဲ့ဒီပွဲမှာ ကျွန်တော်တို့ အနိုင်ရဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့တာပါ။