မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ပေါလ်စခိုးက လက်ရှိ ယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်သူ အန်တိုနီမာစီယဲလ်ကို သူတို့အားလုံးကနေ အထောင်တိုက်စစ်မှူးတစ်ယောက်လို့ အထင်မှားကြနေတာဖြစ်ပြီး မာစီယဲလ်ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ဘောလုံးရာသီကတည်းက သွင်းဂိုးတွေများစွာကို ရယူနိုင်ခဲ့တာကြောင့် အားလုံးဘက်ကနေ အခုလို အထင်အမြင်လွဲမှားခဲ့ရတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အသက်(၂၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ၂၀၁၅ခုနှစ်ကမှ မိုနာကိုအသင်းကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး သူရဲ့ခြေစွမ်းပိုင်းတွေက ဘောလုံးရာသီတစ်ခုအတွင်းမှာပဲ အတတ်အကျများစွာ ရှိနေခဲ့လို့ ချီးကျူးမှုတွေရော ဝေဖန်မှုတွေကိုပါ ပူးတွဲရရှိနေသူဖြစ်ပါတယ်။ အခုလည်း မာစီယဲလ်ဟာ ပြီးခဲ့တဲ့ရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ(၂၃)ဂိုးအထိ သွင်းယူခဲ့ကာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ မာစီယဲလ်က သူရဲ့ပုံမှန်ခြေစွမ်းရဖို့ကိုတောင် အတော်လေးကို ရုန်းကန်နေရပါတယ်။

Photo Credit : Daily Express

မာစီယဲလ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်(၃)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးတစ်ဂိုးမှ မပိုင်ဆိုင်ရသေးသလို စပါးအသင်းနဲ့ ပွဲစဉ်အတွင်းမှာလည်း တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ မာစီယဲလ်ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ယူနိုက်တက်ကစားသမားဟောင်းကြီး ပေါလ်စခိုးက “ယူနိုက်တက်အသင်းမှာရှိတဲ့ တိုက်စစ်ကစားသမားတွေက တကယ့်ကို အရည်အသွေးကောင်းတွေ ပြည့်ဝလို့နေတဲ့ ကစားသမားတွေပါ။ ဒါကိုလည်း ကျွန်တော်တို့တွေ သိရှိထားပါတယ်။ ဒါပေမယ့် ပြသာနာက ယူနိုက်တက်ရဲ့တိုက်စစ်အစုအဖွဲ့ထဲမှာ တကယ့်ကို အထောင်တိုက်စစ်မှူးစစ်စစ် တစ်ယောက်မှ မပါဝင်နေတာပါ။ မာစီယဲလ်ဆိုရင် ကျွန်တော်တို့အားလုံးကို လှည့်စားလုနီးပါး ဖြစ်သွားစေခဲ့တယ်လေ။ ပြီးခဲ့တဲ့ဘောလုံးရာသီနှောင်းပိုင်းလောက်မှာ သူက သွင်းဂိုးတွေအများကြီး ရယူခဲ့ပြီး အရမ်းကို တောက်ပခဲ့တော့ အားလုံးက သူ့ကို အထောင်တိုက်စစ်နေရာမှာ ခြေစွမ်းပြနိုင်တဲ့သူလို့ အထင်မှားခဲ့ကြရော။ အခု သူက ဒီရာသီမှာ ခြေစွမ်းပိုင်း အရမ်းညံလွန်းနေတယ်။ ကျွန်တော်တို့ ထင်ထားတဲ့အတိုင်း ဖြစ်မလာတော့ဘူး။ ဒါက အထင်မှားတာပဲလေ။ ဒါကြောင့် အသင်းအနေနဲ့ ကမ္ဘာ့အဆင့်ရှိတဲ့ အထောင်တိုက်စစ်မှူးတစ်ယောက်ကို ထပ်ပြီးခေါ်ယူသင့်သေးတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။