MySport Myanmar

ဂရိကလပ် AEK အေသင်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်တဲ့ မာရှယ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ပြင်သစ် တိုက်စစ်မှူး အန်တိုနီ မာရှယ်ဟာ ဂရိကလပ်အသင်း AEK အေသင်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားဖို့အတွက် နှုတ်အားအရ သဘောတူညီလိုက်ပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၈)နှစ်အရွယ်ရှိ ပြင်သစ် လက်ရွေးဟောင်း မာရှယ်ဟာ လိုင်ယွန် အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး လိုင်ယွန်မှာပဲ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်းကနေ မိုနာကိုအသင်းဆီ ရောက်ရှိခဲ့သလို ၂၀၁၅မှာတော့ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit : Goal

သီယာရီ အွန်နရီ လက်လက်သစ်လို့ တင်စားခံခဲ့ရတဲ့ မာရှယ်ဟာ ယူနိုက်တက်နဲ့ ပွဲဦးထွက်မှာ ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း သူရဲ့ ခြေစွမ်းပိုင်း မတည်ငြိမ်မှုနဲ့ ဒဏ်ရာတွေ မကြာခဏ ရရှိနေမှုတွေက ယူနိုက်တက်အတွက် flop player တစ်ဦးလိုပါ ဖြစ်သွားခဲ့ရပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ တစ်ရာသီတည်းမှာပဲ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၃)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ မာရှယ်ဟာ အဲ့ဒီနောက်ပိုင်းကတည်းက လုံးဝခြေမပေါ်တော့ပဲ ဆီဗီလာအသင်းဆီ ရာသီဝက် အငှားနဲ့ပါ သွားရောက်ကစားရတဲ့အထိ အခြေအနေတွေ ဆိုးရွှားခဲ့ရပါတယ်။ ဆီဗီလာကလည်း သူ့ကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒမရှိခဲ့သလို ယူနိုက်တက်ကလည်း မာရှယ်ကို စာချုပ်သက်တမ်း မတိုးခဲ့တာကြောင့် အခုဆို အသင်းလက်မဲ့ပါ ဖြစ်သွားခဲ့ပါတယ်။

Photo Credit : TEAMtalk

မာရှယ်လို တိုက်စစ်ကစားသမားတစ်ဦး free agent market ထဲ ရောက်နေပေမယ့် ဘယ်အသင်းကမှ ခေါ်ယူဖို့ ထဲထဲဝင်ဝင် မကြိုးပမ်းသေးတာကို ကြည့်မယ်ဆိုရင် ဖြစ်နိုင်ခြေ အရှိဆုံးက ဒီကစားသမားရဲ့ ဒဏ်ရာမှတ်တမ်းနဲ့ ခြေစွမ်း မတည်ငြိမ်မှုတွေကြောင့် ဖြစ်နိုင်ပြီး အခုတော့ ဂရိကလပ် AEK အေသင်က မာရှယ်ရဲ့ အသင်းသစ် ဖြစ်လာဖို့ နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။

မာရှယ်ကို ခေါ်ယူနိုင်တော့မယ့် AEK အေသင်အသင်းဟာ လက်ရှိ ဂရိ အမှတ်ပေးပြိုင်ပွဲမှာ အဆင့်(၁)နေရာဆီ ရောက်ရှိနေတဲ့ ကလပ်အသင်းဖြစ်ပြီးတော့ တစ်ချိန်က ဆီဗီလာအသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ အဲရစ် လာမယ်လာရဲ့ လက်ရှိကလပ်လည်း ဖြစ်နေပါတယ်။

Exit mobile version