MySport Myanmar

ခြေစွမ်းပြနေတဲ့ ဂရင်းဝုဒ်ကို ဈေးကောင်းရမှ ပြန်လည် ရောင်းထုတ်သွားမယ့် မာဆေးလ်

ဒီနွေမှ မန်ချက်စတာ ယူနိုက်တက်ကနေ ခေါ်ယူခဲ့တဲ့ တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်ဟာ လက်ရှိမှာ မာဆေးလ်အသင်းအတွက် အတော်လေး ခြေစွမ်းပြသနေတာကြောင့် သူ့ကို ကလပ်အသင်းကြီးတွေက စိတ်ဝင်စားနေကြပြီး တကယ်လို့ သူ့ကို ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)ထက် နှစ်ဆလောက်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားမယ်လို့ သိရပါတယ်။

ဂရင်းဝုဒ်ဟာ ယူနိုက်တက် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး ယူနိုက်တက် စီနီယာအသင်းမှာလည်း ပုံမှန်ကစားခွင့် ရရှိခဲ့ပေမယ့် အတူနေချစ်သူအပေါ် ကျူးလွန်မိတဲ့ ကိစ္စရပ်တွေကြောင့် အမှုရင်ဆိုင်ရင်း အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့သည့်တိုင် အသင်းမှာ ပြန်လည် ကစားခွင့် မရှိခဲ့ဘဲ အသင်းကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ ရာသီက ဂီတာဖေးမှာ အငှားသွားရောက်ကစားရင်း ခြေစွမ်းပြခဲ့တဲ့ ဂရင်းဝုဒ်ဟာ ဒီနွေမှာတော့ မာဆေးလ်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီး အခုဆို မာဆေးလ်အတွက် ပြိုင်ပွဲစုံ ပွဲ(၂၀) ကစားထားခဲ့ကာ (၁၃)ဂိုးသွင်းယူ (၄)ဂိုးဖန်တီးထားနိုင်သလို ဒီရာသီ လီဂူးဝမ်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားပါ ဖြစ်နေရပါတယ်။

အသက်(၂၃)နှစ်သာ ရှိနေသေးတဲ့ ဂရင်းဝုဒ်ဟာ မာဆေးလ်တိုက်စစ်မှာ အဓိက ကစားသမားအဖြစ် ပါဝင်နေသလို အသင်းကိုလည်း လီဂူးဝမ်း အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာ ရောက်ရှိနေအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေကြောင့် ဂရင်းဝုဒ်ကို ဘာစီလိုနာ ရီးယဲလ်မက်ဒရစ် အသက်လက်တီကိုနဲ့ ဂျုဗင်တပ်စ်တို့က စိတ်ဝင်စားနေကြပါတယ်။

Photo Credit : Transfermarket

ဒီအသင်းတွေက ဂရင်းဝုဒ်ကို နွေကတည်းက ခေါ်ယူချင်ခဲ့ပေမယ့် မာဆေးလ်က လက်ဦးမှု ရယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိလည်း အသင်းအတွက် အတော်လေး စွမ်းဆောင်ပြနေတဲ့ ဂရင်းဝုဒ်ကို ပြန်လည် ရောင်းထုတ်ဖို့ ဆန္ဒမရှိပေမယ့် လက်ခံနိုင်လောက်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာရင်တော့ လက်ခံသွားဖွယ် ရှိနေပါတယ်။

ဒါ့အပြင် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြသစ် သောမတ်စ် တူဟယ်လ်ကလည်း ဂရင်းဝုဒ်ကို လက်ရွေးစင်အသင်းမှာ ပြန်လည် ရွေးချယ်သွားဖို့ ရှိနေပေမယ့် ဂရင်းဝုဒ်ကတော့ အင်္ဂလန်မှာ ပြန်ကစားဖို့ထက် ဂျမေကာကိုယ်စားပြုအဖြစ် ပြောင်းလဲ ကစားသွားဖို့သာ အခြေအနေပိုများနေပါတယ်။

Exit mobile version