MySport Myanmar

ဂရင်းဝုဒ်ကို ခေါ်ယူအပြီး အန်ကယ်တီယာနဲ့ ဟွိုင်းဘယက်တို့ကိုပါ ခေါ်ယူနိုင်တော့မယ့် မာဆေးလ်

ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် မာဆေးလ်အသင်းကတော့ တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူလို့အပြီးမှာပဲ အာဆင်နယ် တိုက်စစ်မှူး အက်ဒီ အန်ကယ်တီယာနဲ့ စပါး ကွင်းလယ်ကစားသမား ဟွိုင်းဘယက်တို့ကိုပါ ထပ်မံ ခေါ်ယူသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

မာဆေးလ်အသင်းဟာ လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် အပြောင်းအလဲတွေ များစွာ လုပ်ဆောင်လို့ထားပြီး ဘရိုက်တန်နဲ့ လက်တွဲဖြုတ်ထားခဲ့တဲ့ နည်းပြ ရောဘတ်တို ဒီဇာဘီကိုလည်း အသင်းရဲ့ နည်းပြသစ်အဖြစ် ပြောင်းလဲ ခန့်အပ်ထားခဲ့ပါတယ်။

Photo Credit : Santi Aouna

မာဆေးလ်အသင်းက အခုနွေဈေးကွက်အတွင်းမှာ အသင်းကနေ ဂွမ်ဒူဇီ အူဘာမီယန်း ဗီတင်ညာ အန်ဒီအာယီတို့လို ကစားသမားတွေကို လက်လွတ်ထားခဲ့ရပြီး ဂရင်းဝုဒ် ကိုနေးနဲ့ မယ်အီတီတို့ (၃)ဦးကိုတော့ ပြန်လည် ခေါ်ယူအားဖြည့်ထားခဲ့ပါတယ်။

ဝါရင့် တိုက်စစ်မှူးကြီး အူဘာမီယန်းနဲ့ အင်တာကနေ အငှားနဲ့ ခေါ်ထားတဲ့ ကော်ရီယာကို အငှားပြည့်လို့ အအင်တာဆီ ပြန်ပို့လိုက်ရပေမယ့် ဂရင်းဝုဒ်လို အရည်အသွေးမြင့် ကစားသမားကောင်းတစ်ဦးကို တိုက်စစ်ပိုင်းအတွက် ပြန်လည် ဖြည့်တင်းလိုက်နိုင်တာက မာဆေးလ်အတွက်တော့ အတော်လေး အကျိုးရှိစေမှာ သေချာပါတယ်။

Photo Credit : Santi Aouna

ဒါ့အပြင် ဂရင်းဝုဒ်နဲ့အတူ အသင်းတိုက်စစ်မှာ တွဲဖက်ကစားဖို့အတွက် အာဆင်နယ် တိုက်စစ်ကစားသမား အန်ကယ်တီယာကိုလည်း ပစ်မှတ်ထားလျက် ရှိနေသလို အန်ကယ်တီယာ ကိုယ်တိုင်ကပါ မာဆေးလ်ရဲ့ ပရောဂျက်တွေကို စိတ်ဝင်စားနေတာကြောင့် အသင်းပြောင်းဖို့ စိတ်အားထက်သန်လာခဲ့ပါတယ်။

အန်ကယ်တီယာကို မခေါ်ယူနိုင်ခင်မှာ အသင်းဆီ ထပ်ရောက်လာမယ့် ကစားသမားကတော့ စပါးအသင်းက ဒိန်းမတ် ကွင်းလယ်လူ ဟွိုင်းဘယက်ပါ။ မာဆေးလ်က ဟွိုင်းဘယက်ကို ယူရို (၁၃.၅)သန်းနဲ့ ခေါ်ယူသွားနိုင်တော့မှာဖြစ်ပြီး သဘောတူညီမှုလည်း ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မာဆေးလ်အနေနဲ့ ဟွိုင်းဘယက်ကို ဒီရက်ပိုင်းအတွင်းမှာပဲ ခေါ်ယူနိုင်တော့မှာဖြစ်ပြီး ဟွိုင်းဘယက် အပြောင်းအရွှေ့ ပြီးတာနဲ့ အန်ကယ်တီယာကို ခေါ်ယူဖို့ အရှိန်အဟုန်မြင့် ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။

Exit mobile version