ကိုဗစ်ဂယက်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်ခုလုံးကို အနှောင့်အယှက်ပေးခဲ့တဲ့အပြင်ကို လာမယ့်ဘောလုံးရာသီသစ်ကိုပါ ဝင်ရောက်နှောင့်ယှက်ဦးမယ့် အနေအထားမှာ ရှိလို့နေပါတယ်။ အခုထိကို ကူးစက်မှုတွေက မရပ်တန့်သွားသေးပဲ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ဆင်နွဲခဲ့ရတဲ့ အသက်လက်တီကိုနဲ့ ဘာစီလိုနာအသင်းတွေမှာပါ ကူးစက်မှုတွေက ရှိခဲ့သေးသလို အခုလည်း လာမယ့်ရာသီသစ်အတွက် ပြန်လည်ယှဉ်ပြိုင်ကစားတော့မယ့် ပြင်သစ်လီဂူးအသင်းတွေမှာပါ ကူးက်မှုတွေက ဆက်လက်ဖြစ်ပွားနေခဲ့ရပါတယ်။

Photo Credit : BBC

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပြင်သစ်လီဂူးဝမ်း ဘောလုံးပြိုင်ပွဲရဲ့ ရာသီအဖွင့်ပွဲစဉ်အဖြစ် လာမယ့်သောကြာနေ့မှာ ကျင်းပသွားဖို့ စီစဉ်လို့ထားတဲ့ မာဆေးလ်အသင်းနဲ့ စိန့်အက်တီယန်အသင်းတို့ရဲ့ပွဲစဉ်ကတော့ အခုအခါမှာ ပွဲကိုရွှေ့ဆိုင်းလိုက်ရပြီဖြစ်ပြီး ပွဲမတိုင်ခင် ကိုဗစ်ဆေးစစ်မှု ပြုလုပ်ခဲ့ရာမှာ မာဆေးလ်အသင်းဘက်က ကိုဗစ်ကူးစက်နေတဲ့ ကစားသမားအရေအတွက်က (၃)ယောက်အထိတောင် ရှိလို့နေအတွက် ပွဲကိုရွှေ့ဆိုင်းလိုက်ရတာဖြစ်တယ်လို့ BBC သတင်းဌာနက ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Zimbio

တစ်ကမ္ဘာလုံးမှာ ဆိုးဆိုးရွှားရွှား ကူးစက်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပြင်သစ်လီဂူးပွဲစဉ်ကို ဆက်လက်ကျင်းပခြင်းမပြုတော့ပဲ စောစောစီးစီးပဲ ရာသီသိမ်းလိုက်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးက ပီအက်စ်ဂျီအသင်းကိုပဲ ချန်ပီယံအဖြစ် သတ်မှတ်ခဲ့ရပါတယ်။ ကူးစက်မှုတွေ အနည်းငယ်လျော့နည်းလာချိန်မှသာ ဆက်လက်ကျင်းပဖို့ ကျန်ရှိနေသေးတဲ့ ပြင်သစ်ရှံးထွက်ပြိုင်ပွဲ (၂)ခုရဲ့ ဗိုလ်လုပွဲ(၂)ပွဲကို ဆက်တိုက်ကျင်းပခဲ့ပြီး ပရိသတ်အနည်းငယ်ကိုလည်း ဝင်ရောက်ကြည့်ရှခွင့်ပါ ပေးခဲ့ပါသေးတယ်။ ဒီလို အနေအထားလေးတွေ ရှိလာခဲ့လို့ အခြေအနေပြန်ကောင်းပြီလို့ ထင်ခဲ့ရပေမယ့်လည်း အခုတော့ ကစားသမားတွေဆီမှာပါ ကူးစက်မှုတွေက ရှိနေသေးလို့ ပြိုင်ပွဲကို စတင်ကျင်းပဖို့က အဟန့်အတားဖြစ်နေခဲ့ရပြီး လက်ရှိမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆင်နွဲနေရသေးတဲ့ လိုင်ယွန်နဲ့ ပီအက်စ်ဂျီအသင်းတို့ကိုလည်း ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အဖွင့်ပွဲစဉ်တွေ ဆက်တိုက်ယှဉ်ပြိုင်ကစားတဲ့အခါ ကစားသမားတွေ ပွဲပန်းမှုခံစားရနိုင်တဲ့အတွက် ရက်ရွှေ့ပေးဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။