ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မာဆေးလ်ရဲ့ ဥက္ကဌဖြစ်သူ ပက်ဘလို လွန်ဂိုရီးယားက ယခုရက်ပိုင်း အတွင်းမှာပဲ သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ် ဆိုတဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေမှု အပေါ် အတော်လေး စိတ်ပျက်နေပြီး မာဆေးလ်ဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ ကြိုးပမ်းနေခြင်း မရှိကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မာဆေးလ်က ယခုနှစ် နွေဈေးကွက် အတွင်းမှာ ချီလီ ဝါရင့် တောင်ပံတိုက်စစ် ကစားသမား ဆန်းချက်ဇ် ၊ မန်ချက်စတာ ယူနိုက်တက်ရဲ့ အိုင်ဗရီကို့စ် လက်ရွေးစင် ဗဟိုနောက်ခံလူ ဘိုင်လီတို့ အပါအဝင် ကစားသမားသစ် များစွာ ခေါ်ယူထားပြီး သူတို့က အသင်းကို ကြီးမားတဲ့ ပြောင်းလဲမှု တရပ် လုပ်ဆောင်ဖို့ ကြိုးစားနေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Daily Star

ဒါကြောင့်ပဲ မာဆေးလ်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ် ဆိုတဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေသလို ပြင်သစ် အခြေစိုက် သတင်းဌာန တချို့ကလည်း ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်ဟာ မာဆေးလ်မြို့ဆီ ရောက်နေတယ် ဆိုတဲ့ အကြောင်းတွေကို ယမန်နေ့ညမှာပဲ ဖော်ပြထားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာကာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေတဲ့ ကစားသမား ဖြစ်ပြီး မာဆေးလ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရထားတာကြောင့် ယခုလိုမျိုး အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Star

ဒါပေမယ့် လွန်ဂိုရီးယား ဦးဆောင်တဲ့ မာဆေးလ်ဘုတ်အဖွဲ့က ရိုနယ်ဒိုနဲ့ သူတို့အသင်းရဲ့ ကြားထဲမှာ ကောလဟာလ သတင်းတွေ ထွက်နေတဲ့  အပေါ် မပျော်မရွှင် ဖြစ်နေကြပြီး မာဆေးလ်ဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ကစားသမားသစ် များစွာကို ခေါ်ယူရင်း ရာသီသစ်အတွက် အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်နေပေမယ့် မာဆေးလ်ရဲ့ အပြောင်းအရွှေ့ စီမံကိန်းထဲမှာ ရိုနယ်ဒိုလို လုပ်ခလစာ မြင့်မားပြီး အရွယ်လွန်နေတဲ့ ကစားသမားမျိုးကို ခေါ်ယူမယ့် အစီအစဉ် မပါဝင်ကြောင်း မာဆေးလ်နဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားကြပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း မာဆေးလ်ဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်မဝင်စားတဲ့ အကြောင်းကို ထပ်ဆင့် အတည်ပြုပေးခဲ့သလို မာဆေးလ်ဥက္ကဌ လွန်ဂိုရီးယားက ရိုနယ်ဒိုနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေတဲ့အပေါ် စိတ်ပျက်နေကြောင်း ဆိုထားပါတယ်။