ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မာဆေးလ်က ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဘယ်နောက်ခံလူ တာဗာရက်စ်ကို တရာသီ အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ပေါ်တူဂီ ဘယ်နောက်ခံလူ တာဗာရက်စ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဘင်ဖီကာကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၈သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ကာ ယမန်နှစ် ဘောလုံးရာသီမှာ အသင်းရဲ့ ဒုတိယ ဦးစားပေး ဘယ်နောက်ခံလူ အဖြစ် ကစားခွင့် ရခဲ့သူပါ။

Photo Credit: Standard

တာဗာရက်စ်က တိုက်စစ်လိုက်ပါမှု ကောင်းမွန်တဲ့ ဘယ်နောက်ခံလူ တဦး ဖြစ်ပေမယ့် သူ့ရဲ့ ခံစစ်ကစားပုံနဲ့ နေရာယူမှုတွေဟာ အတော်လေး အားနည်းနေတာကြောင့် အာဆင်နယ်နည်းပြ အာတီတာက ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ စီးတီးရဲ့ ဘယ်နောက်ခံလူ ဇင်ချန်ကိုကို အမိအရ ခေါ်ယူပြီး အသင်းရဲ့ ဘယ်နောက်ခံလူ နေရာကို အားဖြည့်ခဲ့ကာ တာဗာရက်စ်ကိုတော့ အတွေ့အကြုံ ရဖို့ အငှားချရန် ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက်တွေမှာ အာဆင်နယ်နဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်ထားနိုင်တဲ့ မာဆေးလ်က တာဗာရက်စ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး တာဗာရက်စ်ကလည်း သူ့ရဲ့ ခြေစွမ်းကောင်းတွေကို သက်သေပြနိုင်ဖို့ မာဆေးလ်ဆီ အငှားနဲ့ ပြောင်းရွှေ့ရန် လက်ခံခဲ့ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မာဆေးလ်က တာဗာရက်စ်ကို တရာသီအငှားနဲ့ ခေါ်ယူဖို့ ယမန်နေ့ညမှာပဲ အာဆင်နယ်နဲ့ တရားဝင် သဘောတူညီမှု ရရှိခဲ့ကာ မာဆေးလ်က တာဗာရက်စ်ကို အငှားနဲ့ ခေါ်ယူထားတဲ့ အချိန်တွေမှာ သူ့ရဲ့ လုပ်ခလစာကို အပြည့်အဝ ပေးချေရဖို့ ရှိနေပြီး ရာသီကုန်ချိန်မှာ တာဗာရက်စ်ကို အပြီးသတ် ခေါ်ယူခွင့် ရမယ့် သဘောတူညီမှုတော့ မရယူထားကြောင်း သိရပါတယ်။

ကဲ ဆာလီဘာကို အရောင်တင်ပေးခဲ့တဲ့ မာဆေးလ်က တာဗာရက်စ်ကိုလည်း အရောင်တင်ပေးနိုင်မယ်လို့ ထင်ကြလားဗျ…?