ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ မာကွင်ဟိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြင်သစ်ဖလားပွဲမှာ မာဆေးလ်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ရှုံးပွဲ အတွက် စိတ်ပျက်မိသလို ကိုယ့်ကိုယ်ကိုယ်လည်း စိတ်တိုမိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မာဆေးလ်နဲ့ ပီအက်စ်ဂျီတို့က ပြင်သစ်ဖလား ၁၆သင်း ရှုံးထွက်အဆင့်ပွဲ အဖြစ် မာဆေးလ်ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါပွဲမှာ ပီအက်စ်ဂျီက ဒဏ်ရာရနေတဲ့ အမ်ဘာပေနဲ့ ရီနာတို ဆန်းချက်စ်တို့ကလွဲရင် ကျန်တဲ့ အဓိက ကစားသမား အစုံအလင် ထည့်သွင်းကာ နောက်တဆင့်ဆီ တက်ရောက်နိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit: Standard

တဖက်မှာလည်း မာဆေးလ်က ဆန်းချက်ဇ်ကို အထောင်ထားကာ တန်ပြန်တိုက်စစ်တွေ ၊ မာမာထန်ထန် ကစားပုံတွေနဲ့ ပီအက်စ်ဂျီကို ယှဉ်ကစားဖို့ ကြိုးစားခဲ့ပြီး မာဆေးလ်နည်းပြ တူဒါရဲ့ နည်းစနစ်တွေဟာ အလုပ်ဖြစ်ခဲ့ကာ ပွဲချိန် ၃၁မိနစ်မှာတင် ပီအက်စ်ဂျီ ဗဟိုခံစစ်မှူး ရာမို့စ်က မာဆေးလ် တောင်ပံကစားသမား အန်ဒါကို ပြစ်ဒဏ်ကျူးလွန်မိခဲ့တာကြောင့် မာဆေးလ်တို့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး အဆိုပါ ပင်နယ်တီကို ဆန်းချက်ဇ်က အမှားအယွင်း မရှိ ကန်သွင်းခဲ့ပါတယ်။

ဒါပေမယ့် မာဆေးလ်တို့ရဲ့ အပျော်က ၁၀မိနစ်ကျော်သာ ခံခဲ့ပြီး ပွဲချိန် ၄၅+၂ မိနစ်မှာတော့ ရာမို့စ်က ပီအက်စ်ဂျီအတွက် ချေပဂိုး သွင်းယူပေးကာ သူ့ရဲ့ အမှားကို ပြန်လည် ဖာထေးခဲ့ပါတယ်။ ပထမပိုင်းမှာ တဖက် တဂိုးစီ သရေကျခဲ့တာကြောင့် ဒုတိယပိုင်း အရောက်မှာ ပွဲက ပိုမို အကြိတ်အနယ် ရှိလာခဲ့ပြီး ပွဲချိန် ၅၇မိနစ်မှာ မာဆေးလ်ရဲ့ တောင်ပံ ကစားသမားသစ် မာလီနော့ဗ်စကီက ပီအက်စ်ဂျီ ခံစစ်ကြောင်းရဲ့ လျော့ရဲမှု ကနေ တဆင့် အဝေးကန်ချက်နဲ့ မာဆေးလ်အတွက် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

Photo Credit: Standard

မာဆေးလ် ၂-၁ ပီအက်စ်ဂျီ ပွဲပြီးဆုံးချိန်မှာတော့ ပီအက်စ်ဂျီ အသင်းခေါင်းဆောင် မာကွင်ဟိုက ရှုံးပွဲအတွက် အတော်လေး ဒေါသထွက်နေတာကို မြင်တွေ့ခဲ့ရသလို မာကွင်ဟိုက ပွဲပြီးအင်တာဗျူးမှာ ပြင်သစ်ဖလားပြိုင်ပွဲ ကနေ ထွက်ခဲ့ရလို့ ရှက်မိကြောင်း ပြောလာပါတယ်။

မာကွင်ဟိုက – “ကျွန်တော်တို့က ကိုယ်လုပ်ရမယ့် အရာတွေကို မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီတကြိမ်က ကျွန်တော်တို့တွေ ပါးစပ်ပိတ်ပြီး နေရတော့မယ့် အချိန်ပါ။ (အလုပ်ကြိုးစားရမှာကို ရည်ရွယ်လျက်) ကျွန်တော်တို့က ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူချင်ရင် တိုးတက်အောင် လုပ်ရမယ့် အပိုင်းတွေ အများကြီး ရှိနေတာကို သိပါတယ်။ ကျွန်တော်တို့က ဖလား ၁လုံးကို လက်လွှတ်လိုက်ရပါပြီ။ ဒီအတွက် ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်တိုမိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။