ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ ကမ္ဘာပေါ်က လူသားတွေကို အတော်လေးဒုက္ခပေးခဲ့သော ရောဂါပိုးကြီး စတင်ပြန့်ပွားရာ နေရာတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံအတွင်းမှာ အခုဆိုရင်တော့ ဘောလုံးပြိုင်ပွဲတွေကို ပြန်လည်ကျင်းပနိုင်ပြီဖြစ်ပြီး သူတို့နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ တရုတ်စူပါလိဂ်ကို မနေ့ကပဲ ကျင်းပသွားခဲ့ရာမှာ နာမည်ကျော် ဘောလုံးနည်းပြကြီးတစ်ဦးဖြစ်သူ ရာဖေးလ်ဘင်နီတက်ဇ် ကိုင်တွယ်လို့နေတဲ့ ဒါလီယန်ပရိုအသင်းကို ရှန်ဒေါင်လူနန်အသင်းက အဝေးကွင်းမှာ (၂)ဂိုး(၃)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး တာထွက်ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Goal

နာပိုလီဂန္တဝင် ကွင်းလယ်ကစားသမားဟောင်းကြီး ဟမ်းဆစ် နယူးကာဆဲလ် တိုက်စစ်မှူးဟောင်းရွန်ဒွန်တို့ ပါဝင်နေတဲ့ ဒါလီယန်ပရိုအသင်းဟာ ဒုတိယပိုင်းမှာ ရွန်ဒွန်ရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့်လည်း ရှန်ဒေါင်လူနန်အသင်းက ချေပဂိုးအပြင် ပြန်လည်ဦးဆောင်စေနိုင်မယ့် သွင်းဂိုးတွေကိုပါ ဆက်တိုက်သွင်းယူခဲ့လို့ ပွဲကိုဦးဆောင်နိုင်ခဲ့ကာ ရမှတ်(၃)မှတ်ကိုပါ ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီဂိုး(၃)ဂိုးလုံးကိုတော့ ရှန်ဒေါင်လူနန်ကစားသမား ဖယ်လိုင်နီက (၈)မိနစ်တာအတွင်းမှာပဲ ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit : The Guardian

အသက်(၃၂)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဘယ်ဂျီယံလက်ရွေးစင် ကွင်းလယ်ကစားသမားကြီး ဖယ်လိုင်နီဟာ ဥရောပမှာ ကျင်လည်ခဲ့စဉ်တုန်းက ကွင်းလယ်နေရာမှာ အဓိက ကစားတတ်သူဖြစ်ပေမယ့်လည်း ရှန်ဒေါင်လူနန်အသင်းမှာတော့ အထောင်တိုက်စစ်ကစားသမားအဖြစ် ပြောင်းလဲကစားခဲ့သလို အခုလို ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းဟောင်း အဲဗာတန်မှာတုန်းကလည်း တိုက်စစ်နေရာမှာ ကစားခဲ့ဖူးတဲ့ ဖယ်လိုင်နီဟာ သူရဲ့အားသာချက်တစ်ခုဖြစ်တဲ့ အရပ်အမောင်းမြင့်မားမှုကို အခွင့်အရေးအဖြစ် အကောင်းဆုံးအသုံးချခဲ့ကာ အခုရရှိခဲ့တဲ့ ဟက်ထရစ်ဂိုးတွေအားလုံးကိုလည်း ခေါင်းတိုက်ပြီးတော့ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ခုနှစ် ဇန်နဝါရီလကမှ မန်ချက်စတာယူနိုက်တက်အသင်းကနေ တရုတ်စူပါလိဂ်ဆီ ရောက်ရှိလာခဲ့တဲ့ ဖယ်လိုင်နီဟာ တရုတ်မှာလည်း သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး သူရဲ့ ရှန်ဒေါင်လူနန်အသင်းအတွက် သွင်းဂိုးတွေလည်း ရယူပေးထားနိုင်ခဲ့ပါတယ်။ ဖယ်လိုင်နီဟာ ပြီးခဲ့တဲ့ မတ်လတုန်းကမှ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပေမယ့် လက်ရှိအချိန်မှာတော့ ဗိုင်းရပ်စ်ပိုးပြသာနာ ကင်းစင်နေပြီဖြစ်ပါတယ်။