အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်ရဲ့ ဥက္ကဌဖြစ်သူ မာရော့တာက ယခု နွေဈေးကွက် အတွင်းမှာ ချယ်လ်ဆီးကနေ သူတို့အသင်းဆီ တရာသီအငှားနဲ့ လာရောက် ကစားတော့မယ့် တိုက်စစ်မှူးဟောင်း ရိုမီလု လူကာကူကို “အိမ်ပြန်ချိန်တန်ပြီ” လို့ ပြောကြားရင်း ကြိုဆိုသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူက ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ အင်တာမီလန်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဆီ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၁၃သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Football London

ဒါပေမယ့် လူကာကူက ချယ်လ်ဆီးဆီ ရောက်ရှိချိန်မှာတော့ အသင်းရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျ ဖြစ်အောင် မကစားနိုင်ခဲ့သလို နည်းပြ တူဟယ်လ်နဲ့ပါ ဆက်ဆံရေး မပြေလည်တာကြောင့် တရာသီ ပြီးဆုံးချိန်မှာပဲ ချယ်လ်ဆီးကနေ ထွက်ခွာကာ အင်တာမီလန်ဆီ တရာသီအငှားနဲ့ ပြန်လည် ပြောင်းရွှေ့လာဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ အင်တာမီလန်က လူကာကူကို တရာသီအငှားကြေး ယူရို ၈သန်း + အပိုဆုကြေးတွေနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး မကြာခင်မှာပဲ လူကာကူကို လာရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ ရှိနေပါတယ်။

Photo Credit: Football London

အင်တာမီလန်ရဲ့ ဥက္ကဌ ဖြစ်သူ မာရော့တာကတော့ ယနေ့ညနေမှာပဲ လူကာကူဟာ သူတို့အသင်းဆီ ပြန်လည် ရောက်ရှိလာတော့မယ့် အကြောင်းကို အတည်ပြုပေးခဲ့ပြီး အိမ်ကနေ ကြိုဆိုပါတယ်လို့လည်း ပြောကြားသွားပါတယ်။

မာရော့တာက – “လူကာကူရဲ့ အပြောင်းအရွှေ့ကို မကြာခင် အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် နာရီပိုင်း အတွင်းတော့ မဟုတ်ပါဘူး။ လာမယ့် ရက်အနည်းငယ် အတွင်းပေါ့။ သူက ကျွန်တော်တို့ အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ဒီအချိန်ဟာ သူ့အတွက် အိမ်ပြန်ချိန်လို့ ပြောရပါမယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။