အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်ရဲ့ ဥက္ကဌဖြစ်သူ မာရော့တာက သူတို့အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ အကျယ်တဝင့် ထွက်ပေါ်ခဲ့တဲ့ အာဂျင်တီးနား ကြယ်ပွင့် ပေါ်လို ဒိုင်ဘာလာဟာ သူတို့အသင်းဆီ ပြောင်းရွှေ့လာဖို့ မသေချာတော့ကြောင်းနဲ့ သူတို့အသင်းက ဒိုင်ဘာလာကို မခေါ်နိုင်ခဲ့ရင်လည်း အဆင်ပြေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာက ယခု နွေဈေးကွက် အတွင်းမှာပဲ ဂျူဗင်တပ်နဲ့ လမ်းခွဲထားခဲ့သူ ဖြစ်ပြီး သူက ဂျူဗင်တပ်နဲ့ လမ်းခွဲပြီးနောက် အင်တာမီလန်ထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Standard

ဒိုင်ဘာလာက ဂျူဗင်တပ်ကနေ ထွက်လာခဲ့ပြီးနောက် အီတလီမြေကို စွန့်ခွာကာ နိုင်ငံအသစ် တခုဆီ ပြောင်းရွှေ့ ကစားဖို့ စဉ်းစားခဲ့ပေမယ့် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းကြီးတွေ ရှိမနေတာကြောင့် အင်တာမီလန်ဆီသာ ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ရပြီး အင်တာမီလန်ကလည်း ဒိုင်ဘာလာကို ခေါ်ယူကာ လက်လွှတ်ခဲ့ရတဲ့ စီးရီးအေချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်ဖို့ ကြံရွယ်ခဲ့ပါတယ်။

ဒါပေမယ့် အင်တာမီလန်က သူတို့အသင်းရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ရိုမီလု လူကာကူကို ချယ်လ်ဆီးကနေ တရာသီအငှားနဲ့ ပြန်လည် ခေါ်ယူနိုင်ခဲ့ပြီးနောက် ဒိုင်ဘာလာကို ခေါ်ယူဖို့ သွေးအေးသွားသလို ဒိုင်ဘာလာကလည်း ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ဆုံးရှုံးရနိုင်ချေ မြင့်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားလာတာကြောင့် အင်တာမီလန်နဲ့ ဒိုင်ဘာလာတို့ရဲ့ အပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်ချေ အရမ်းကို နည်းပါးနေပါတယ်။

Photo Credit: Standard

ယနေ့မနက်မှာတော့ အင်တာမီလန် ဥက္ကဌ မာရော့တာက သူတို့အသင်းဟာ ဒိုင်ဘာလာကို ခေါ်ယူနိုင်ဖို့ မသေချာတော့ကြောင်းနဲ့ လူကာကူ ရောက်လာတာကြောင့် သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အင်အားက တောင့်တင်းသွားပြီး ဒိုင်ဘာလာကို မခေါ်နိုင်ခဲ့ရင်လည်း ကိစ္စမရှိကြောင်း တရားဝင် ပြောကြားလာပါတယ်။

မာရော့တာက – “ဒိုင်ဘာလာက ဈေးကွက်ထဲမှာ ရှိနေတဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမား တဦးပါ။ သူက ကျွန်တော်တို့အတွက် ရွေးချယ်စရာကောင်း တခု ဖြစ်နေသလို သူ့မှာလည်း တခြား ရွေးချယ်စရာတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တိုက်စစ်ပိုင်းမှာ အရမ်းကို ကောင်းတဲ့ ကစားသမားတွေ ရှိနေတာကြောင့် ကျွန်တော်တို့ရဲ့ တိုက်စစ်ပိုင်းက ပြည့်စုံနေပါပြီ” လို့ ဝန်ခံသွားခဲ့တာပါ။