စီးရီးအေကလပ် အင်တာမီလန်အသင်းရဲ့ အကြီးအကဲ တစ်ဦး ဖြစ်တဲ့ မာရော့တာ ကတော့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ် အသင်းကနေ ဂျာမန်ကလပ် ဘွန်ဒက်လီဂါအသင်းထံကို အငှားနဲ့ သွားရောက် ကစားခဲ့ရာမှာ ခြေစွမ်းပြ နိုင်ခဲ့တဲ့ ညာနောက်ခံလူ ဟာခီမီကို ခေါ်ယူနိုင်ဖို့ အတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဆွေးနွေးနေပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ အသက် ၂၁နှစ်အရွယ် မော်ရိုကို ခံစစ်မှူး ဟာခီမီဟာ လက်ရှိ ဘောလုံးရာသီမှာဆိုရင် ဒေါ့မွန် အသင်းအတွက် ဘွန်ဒက်လီဂါပွဲစဉ် ၃၃ပွဲအထိ ပါဝင် ကစားထားခဲ့ပြီး ၅ဂိုး သွင်းယူကာ ၁၀ဂိုး အထိ ဖန်တီးပေးထားနိုင်တာကြောင့် ဥရောပရဲ့ အသက်၂၃နှစ်အောက် ညာနောက်ခံလူတွေထဲမှာ အကောင်းဆုံး ညာနောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: Metro

ဟာခီမီဟာ ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြ ကစားနေနိုင်တဲ့ ကစားသမားဖြစ်ပေမယ့် သူ့ကို ဒေါ့မွန်အသင်းက ခေါ်ယူထားတဲ့ အငှားစာချုပ် ဟာ ယခုလကုန်မှာပဲ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဟာခီမီဟာ ရီးရဲလ်မက်ဒရစ်အသင်း ထံကို ပြန်သွားရတော့မှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အင်တာမီလန်အသင်းဟာ ဟာခီမီကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းထံ ကမ်းလှမ်းမှုတွေ စတင် ပြုလုပ်နေပြီ ရီးရဲလ် မက်ဒရစ်အသင်းဘက်ကလည်း ဟာခီမီကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရှိပါက ရောင်းချသွားဖို့ ရှိနေပါတယ်။ အီတလီ သတင်းစာတွေရဲ့ အဆိုအရတော့ အင်တာမီလန်အသင်းဟာ ဟာခီမီကို ခေါ်ယူနိုင်ဖို့ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို၄၀သန်းနဲ့ ကမ်းလှမ်း ထားတယ်လို့ သိရပါတယ်။

Photo Credit: Metro

ဟာခီမီကို ခေါ်ယူနိုင်ဖို့အတွက် ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ဆွေးနွေးနေပြီ ဖြစ်ကြောင်းကို အင်တာမီလန်အသင်းရဲ့ အကြီးအကဲ ဖြစ်သူ မာရော့တာက Sky Italia သတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ အတည်ပြုသွားခဲ့တာပါ။ မာရော့တာက ” ကျွန်တော်တို့ဟာ ဟာခီမီကို ခေါ်ယူနိုင်ဖို့ အတွက် ဆွေးနွေးမှုတွေကို ပြုလုပ်နေပြီး မကြာမီ ရက်ပိုင်းအတွင်းမှာပဲ အခြေအနေတွေကို သိရှိကြရတော့မှာပါ။ ကျွန်တော်က အခုလို အခြေအနေမှာ ကစားနေကြတဲ့ ကစားသမားတွေကို လေးစားမှု ရှိပါတယ်။ ဒါပေမယ့် အင်တာမီလန်အသင်းရဲ့ အနာဂတ်ကို ရှေးရှူပြီး ကောင်းမွန်တဲ့ ကစားသမားတွေကို ခေါ်ယူရမှာ ကတော့ ထုံးစံပါပဲ။ ဒါက အရမ်းအရမ်းကို အရေးကြီးတဲ့ အော်ပရေးရှင်းတစ်ခုပါ။ အူဆီလီယိုဟာ အရမ်းကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ မနက်ဖြန်ဟာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ နေ့ရက်တစ်ရက် ဖြစ်လာနိုင်ပါတယ် ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။