ပြီးခဲ့တဲ့ ရက်ပိုင်းလေးအတွင်းမှာ သတင်းတွေ ထွက်ပေါ်နေသလို အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြကြီး ရောဘတ်တိုမန်စီနီဟာ သူရဲ့ အီတလီအသင်းရဲ့ လူစာရင်းမှာ သူရဲ့ခပ်ဆိုးဆိုး တပည့်ဟောင်းတစ်ဦးဖြစ်တဲ့ တိုက်စစ်ကစားသမား မာရီယိုဘာလော့တယ်လီကို ပြန်လည်ရွေးချယ်သွားခဲ့တာကြောင့် ဘာလော့တယ်လီအနေနဲ့ အီတလီ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းတွေ အတူတကွ ပြန်ဆင်းနိုင်တော့မှာ ဖြစ်တဲ့အပြင် ၂၀၁၈ခုနှစ်နောက်ပိုင်း လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားခွင့် ရဖို့လည်း အခွင့်အလမ်းတွေ များနေရပါတယ်။
Photo Credit : Twitter
ပြီးခဲ့တဲ့ နာရီပိုင်းလောက်ကမှ ထုတ်ပြန်လာခဲ့တဲ့ အီတလီလက်ရွေးစင်အသင်း ကစားသမား(၃၅)ယောက်စာရင်းမှာ အီတလီအသင်းနဲ့ အလှမ်းကွာနေခဲ့တဲ့ တိုက်စစ်မှူး ဘာလော့တယ်လီကို နည်းပြမန်စီနီက ပြန်လည်ရွေးချယ်သွားခဲ့ပြီး အခွင့်အရေးတစ်ခု ပေးသွားခဲ့ပါတယ်။ ဘာလော့တယ်လီဟာ ၂၀၁၈ခုနှစ် စက်တင်ဘာလနောက်ပိုင်းကတည်းက အီတလီအသင်းအတွက် ပါဝင်ကစားပေးခွင့် မရရှိခဲ့တော့တာ ဖြစ်သလို လက်ရှိမှာလည်း သူရဲ့ဘောလုံးသမားဘဝက ပိုမိုမှေးမှိန်နေခဲ့ရပြီး နာမည်သိပ်မရှိတဲ့ တူရကီ ဘောလုံးကလပ်အသင်းမှာ ပါဝင်ကစားနေရပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဘာလော့တယ်လီကို မန်စီနီက လက်ရွေးစင်အသင်းမှာ အခွင့်အရေးပေးခဲ့ပြီး အသင်းအတွက် အလွန်အရေးပါနေတဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပလေးအော့ ပွဲစဉ်တွေမှာ ထုတ်သုံးလာဖွယ် ရှိနိုင်ပါတယ်။
Photo Credit : ARY Sports
အခု ရွေးချယ်ထားခဲ့တဲ့ ကစားသမား(၃၅)ယောက်ဟာ မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့အဆင့်ပွဲစဉ်မှာ ပါဝင်ကစားရဖို့အတွက် သဘောကျအောင် အသင်းလိုက် လေ့ကျင့်ခန်း အစီအစဉ်တွေမှာ နည်းပြမန်စီနီ စွမ်းဆောင်ပြဖို့ လိုအပ်နေပြီး အထူးသဖြင့် လက်ရွေးစင်အသင်းနဲ့ (၃)နှစ်လောက်ကို ဝေးကွာနေရတဲ့ ဘာလော့တယ်လီအနေနဲ့လည်း သူ့ကို အခွင့်အရေးပေးထားတဲ့ မန်စီနီကို အထင်ကြီးလာအောင် ကြိုးစားပြရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက်(၃၁)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ဘာလော့တယ်လီဟာ အင်တာမီလန် မန်စီးတီး အေစီမီလန် လီဗာပူးလ် မာဆေးလ်တို့လို ဥရောပထိပ်တန်း ကလပ်အသင်းတွေမှာ ပါဝင်ကစားဖူးသူ ဖြစ်ပေမယ့်လည်း စည်းကမ်းပိုင်း လိုက်နာနိုင်မှု အားနည်းခြင်းနဲ့ ပြသာနာရှာတတ်တဲ့ အကျင့်စရိုက်တွေကြောင့် နောက်ပိုင်းနှစ်တွေအတွင်း မထင်မရှား ကလပ်အသင်းတွေမှာသာ ပါဝင်ကစားနေရသလို အခုလည်း တူရကီကလပ် အဒါနာဒီမီစပေါအသင်းမှာ ပါဝင်နေရပါတယ်။ ဘာလော့တယ်လီဟာ ဒီနှစ်ဘောလုံးအတွင်း ဒီမီစပေါအသင်းအတွက် ပြိုင်ပွဲစုံ(၂၁) ပါဝင်ထားပေးရာ (၉)ဂိုးသွင်း (၅)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။