ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဗဟိုနောက်ခံလူ တဦး ဖြစ်သူ ပက်ဘလို မာရီကတော့ အီတလီ စီးရီးအေရဲ့ တန်းတက်ကလပ် မွန်ဇာဆီ တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ပြောင်းရွှေ့တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဘရာဇီးလ် ​ဗဟိုနောက်ခံလူ ပက်ဘလို မာရီက ၂၀၂၀ခုနှစ်မှာ ဖလာမင်ဂိုကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၆သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းရဲ့ အရန် ခံစစ်မှူး အဖြစ် ကစားနေသူလည်း ဖြစ်ပါတယ်။

Photo Credit: Team Talk

ပက်ဘလို မာရီက အာဆင်နယ်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရပေမယ့် ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ အမြင့်ဘောတွေကို အကောင်းဆုံး ကာကွယ်နိုင်သူ ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီး ကစားပုံ အနည်းငယ် လေးလံတာကြောင့်သာ အာဆင်နယ်နည်းပြ အာတီတာရဲ့ စိတ်ကြိုက် ဗဟိုခံစစ်မှူး မဖြစ်ခဲ့တာပါ။

ဒါကြောင့်ပဲ အီတလီ စီးရီးအေဆီ ယခုနှစ် ဘောလုံးရာသီမှာမှ တန်းတက်လာနိုင်ခဲ့တဲ့ မွန်ဇာက သူတို့အသင်းရဲ့ ခံစစ်အတွက် ပက်ဘလို မာရီကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းခဲ့တာ ဖြစ်ပြီး မာရီကလည်း သူ့ရဲ့ ကစားသမား ဘဝ အတွက် ပုံမှန် ပွဲထွက်ခွင့် ရရှိမယ့် မွန်ဇာဆီ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မွန်ဇာက ပက်ဘလို မာရီကို အာဆင်နယ်ဆီကနေ တရာသီအငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီး မွန်ဇာက မာရီကို အငှားနဲ့သာ ခေါ်ယူခဲ့ပေမယ့် သူတို့က အီတလီ စီးရီးအေမှာ တန်းတင်ကျန်ရစ်ခဲ့ရင် ရာသီကုန်တဲ့အခါ မာရီကို ပြောင်းရွှေ့ကြေး ယူရို ၅သန်းနဲ့ ခေါ်ယူရမယ်လို့ သိရပါတယ်။