လက်စတာ စီးတီးအသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူပေးပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီကို ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ အန်ဇို မာရီစကာဟာ ဒီကနေ့မှာပဲ ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်ခံရတော့မယ်လို့ နာမည်ကျော် ဘောလုံးသတင်းထောက်များစွာက ဖော်ပြလာခဲ့ပါတယ်။

အသင်းကို ပရီးမီးယားလိဂ်မှာ အဆင့်(၆)နေရာ ၊ အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်နဲ့ လိဂ်ဖလားမှာ ဖိုင်နယ်အထိ ပို့ဆောင်ပေးခဲ့တဲ့ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းက ပိုချက်တီနိုနေရာမှာ အစားထိုးဖို့အတွက် နည်းပြတစ်ဦးကို အချိန်တိုလေးအတွင်းမှာပဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Photo Credit : Sky Sports

ကနဦးကတော့ ချယ်လ်ဆီးဟာ အစ်ဝစ်ချ်ကို ပရီးမီးယားလိဂ်ဆီ ပို့ဆောင်ပေးခဲ့တဲ့ နည်းပြ မက်ကန်နာကို ပိုမို အလိုရှိခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ မာရီစကာကိုသာ ဦးစားပေး အလိုရှိလာခဲ့ပြီး မာရီစကာကိုယ်တိုင်ကပါ ချယ်လ်ဆီးနည်းပြရာထူးကို လက်ခံသွားဖို့ စိတ်ဝင်စားခဲ့တာကြောင့် နောက်ဆုံးမှာ နည်းပြ အပြောင်းအရွှေ့က ဖြစ်ပေါ်သွားခဲ့ရပါတယ်။

ချယ်လ်ဆီးက မာရက်စကာအတွက် လက်စတာအသင်းထံကို လျော်ကြေး ပေါင်(၁၀)သန်းအထိ ပေးချေသွားခဲ့ရပြီး မာရီစကာကိုတော့ (၅)နှစ်+(၁)နှစ်သက်တမ်းရှိ ကာလရှည် စာချုပ်တစ်ရပ် ချုပ်ဆိုသွားမှာပဲ ဖြစ်ပါတယ်။ မာရီစကာကတော့ ချယ်လ်ဆီးအသင်းဆီကို သူရဲ့ နည်းပြအဖွဲ့ဝင် (၆)ဦးအထိ ခေါ်ဆောင်လာမှာဖြစ်ပြီး အသင်းက တာဝန်ပေးထားတဲ့ လူတစ်ချို့နဲ့ပါ လက်တွဲသွားမှာလည်း ဖြစ်ပါတယ်။

Photo Credit : Manchester City FC

အသက် (၄၄)နှစ်အရွယ်သာ ရှိနေသေးတဲ့ အီတလီလူမျိုး လူငယ်နည်းပြတစ်ဦးဖြစ်တဲ့ မာရီစကာဟာ လက်စတာနည်းပြအဖြစ် မဆောင်ရွှက်ခင်က မန်စီးတီး နည်းပြကြီး ပက်ပ် ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် မန်စီးတီးမှာ ကျင်လည်ခဲ့ဖူးတာကြောင့် နည်းပြအတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အီတလီလူမျိုး ဘောလုံးနည်းပြတွေရဲ့ အောင်မြေဖြစ်တဲ့ ချယ်လ်ဆီးမှာ မာရီစကာအနေနဲ့ သူရဲ့ နောင်တော် နည်းပြတွေလို အောင်မြင်မှုတွေကို ရယူပြသွားနိုင်မလား ဆိုတာကိုလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရပါတော့မယ်။ ဒီကနေ့မှာတော့ ချယ်လ်ဆီးနဲ့ မာရီစကာတို့ တရားဝင် လက်တွဲသွားကြတော့မှာဖြစ်ပြီး မာရီစကာဟာ ပိုချက်တီနိုနေရာကို အကောင်းဆုံး အစားထိုးနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။