MySport Myanmar

ဗန်ဒိုက်လို အတွေ့အကြုံရင့်တဲ့ ကစားသမားမျိုးတွေ လိုအပ်တယ်လို့ မာရက်စကာ ဆို

ချယ်လ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စကာက လီဗာပူးလ်အသင်းမှာ ဗာဂျယ်လ် ဗန်ဒိုက်ရဲ့ အကျိုးသက်ရောက်မှုကို ဥပမာပေးပြီး အသင်းအတွက် အတွေ့အကြုံရင့်ကျက်တဲ့ ကစားသမားတွေ ပိုမိုခေါ်ယူပေးဖို့ ကလပ်ဘုတ်အဖွဲ့ကို တောင်းဆိုလိုက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လက်ရှိမှာ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံး ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းဖြစ်နေပါတယ်။ မာရက်စကာက ဒါဟာ အသင်းရဲ့ ဒီရာသီ ခြေစွမ်းတည်ငြိမ်မှုမရှိခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ချယ်လ်ဆီးဟာ လိဂ်ပွဲစဉ် နောက်ဆုံး (၁၈)ပွဲမှာ (၇)ပွဲသာ အနိုင်ရရှိထားပါတယ်။

Photo Credit : The Independent

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ မာရက်စကာက “ကွာခြားချက်ကတော့ လီဗာပူးလ်အသင်းက ကျွန်တော်တို့နဲ့ ယှဉ်ရင် တည်ငြိမ်မှု ရှိနေတာပါပဲ။ ရာသီရဲ့ အစိတ်အပိုင်းတစ်ခုမှာ ကျွန်တော်တို့ ခြေစွမ်းအရမ်းကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ပွဲတွေ ပြန်ရှုံးခဲ့တယ်။ အသင်း တည်ငြိမ်မှုမရှိတာက အဓိက အကြောင်းရင်း ဖြစ်နိုင်ပါတယ်။”

“နောက်ပြီး ပွဲတွေကို ဘယ်လိုအနိုင်ရအောင် ကစားရမလဲဆိုတာ သိတဲ့ ဒီလိုအတွေ့အကြုံမျိုးရှိတဲ့ ဝါရင့်ကစားသမားတွေ ပိုင်ဆိုင်မှုအပိုင်းမှာလည်း လီဗာပူးလ်က ကျွန်တော်တို့ထက် သာတယ်လို့ ထင်ပါတယ်။ ဒီလို ထိပ်တန်းကလပ်တွေနဲ့ ကွာဟချက်ကို ကျဉ်းမြောင်းချင်တယ်ဆိုရင်တော့ ဒီလို အတွေ့အကြုံရှိ ကစားသမားတွေကို ခေါ်ယူအားဖြည့်ဖို့ လိုအပ်တာ သေချာပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဗန်ဒိုက်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ လီဗာပူးလ်ကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ဖလား (၂)ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁)ကြိမ်နဲ့ အခြား ပြည်တွင်းဖလားပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းခံစစ်ရဲ့ အဓိကကျောရိုးအဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဖလား ရရှိပြီးနောက်ပိုင်း ဆုဖလား လက်မဲ့ဖြစ်နေပြီး အသင်းကို လူငယ်ကစားသမားတွေနဲ့ တမင်တကာ တည်ဆောက်ထားပေမယ့် ဆုဖလားရယူဖူးတဲ့ အတွေ့အကြုံပိုင်းမှာတော့ အားနည်းနေပါတယ်။

ချယ်လ်ဆီးအသင်းဟာ မနက်ဖြန် မေလ ၄ ရက်နေ့ တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့တဲ့ ဧည့်သည် လီဗာပူးလ်အသင်းအတွက် ဂုဏ်ပြုကြိုဆိုပေးခြင်း (Guard of Honour) ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

Exit mobile version