ချယ်လ်ဆီးနည်းပြချုပ် အန်ဇို မာရက်စကာက ပေါ်တူဂီနည်းပြ ဂျိုဆေး မော်ရင်ဟိုနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ဒါဟာ အခွင့်ထူးတစ်ခုဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ မော်ရင်ဟိုဟာ သူ့ရဲ့ ဘင်ဖီကာအသင်းကို ဦးဆောင်ပြီး ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် စတန်းဖို့ဒ်ဘရစ်ချ်ကွင်းကြီးဆီကို မနက်ဖြန် (အင်္ဂါနေ့) မှာ ပြန်လည်လာရောက်မှာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ ခြေစွမ်းပိုင်း ရုန်းကန်နေရပြီး နောက်ဆုံးပွဲစဉ်တွေမှာ ရှုံးပွဲတွေကြုံတွေ့ခဲ့တာကြောင့် ဖိအားများနေချိန်မှာ နည်းပြ မာရက်စကာကတော့ အသင်းရဲ့အခြေအနေကို ပြန်လည်တည်ငြိမ်အောင်လုပ်ဆောင်ပြီး ကလပ်ရဲ့ဂန္ထဝင်နည်းပြတစ်ဦးကို အနိုင်ယူကာ အရေးကြီးတဲ့အမှတ်တွေ ရယူနိုင်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။
Photo Credit : Tribuna
ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို ပြည်တွင်းမှာလည်း ခြေစွမ်းမတည်ငြိမ်ဘဲ နောက်ဆုံးကစားခဲ့တဲ့(၄)ပွဲမှာ (၃)ပွဲအထိ ရှုံးနိမ့်ထားတာကြောင့် ပြန်လည် ရလဒ်ကောင်းနိုင်ဖို့ အသည်းအသန် လိုအပ်နေပါတယ်။
“The Special One” လို့ အမည်တွင်တဲ့ မော်ရင်ဟိုရဲ့ စတန်းဖို့ဒ်ဘရစ်ချ် အိမ်အပြန်ခရီးစဉ်က ဒီပွဲစဉ်ကို ပိုမိုဖိအားများပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်စေခဲ့ပါတယ်။ ပေါ်တူဂီနည်းပြကြီးဟာ ချယ်လ်ဆီးအသင်းကို (၂၀၀၄-၀၇ နဲ့ ၂၀၁၃-၁၅) မှာ နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။
Photo Credit : Goal
မာရက်စကာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ “မနက်ဖြန်မှာ ဂျိုဆေးနဲ့ ရင်ဆိုင်ရမှာက အခွင့်ထူးတစ်ခုပါပဲ။ သူက ဒီကလပ်အတွက် ဂန္ထဝင်တစ်ယောက်ပါ၊ ဒီကလပ်တစ်ခုတည်းအတွက် မဟုတ်ဘဲ တခြားကလပ်အသင်းတွေအတွက်ပါ ဂန္ထဝင်တစ်ယောက်ပါ။ ကျွန်တော့်အတွက်တော့ ပထမဆုံးအနေနဲ့ ဒီကလပ်အသင်းကို ချန်ပီယံလိဂ်မှာ ကိုယ်စားပြုခွင့်ရတာက အခွင့်ထူးတစ်ခုပါ။ သေချာတာကတော့ မနက်ဖြန်မှာ ဂျိုဆေးလို အံ့မခန်းနည်းပြတစ်ယောက်နဲ့ ရင်ဆိုင်ရမှာကလည်း အခွင့်ထူးတစ်ခုပါပဲ။” လို့ လေးစားစွာ ပြောကြားခဲ့ပါတယ်။
Club World Cup ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ မော်ရင်ဟိုရဲ့ အပြန်ခရီးစဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ အာရုံစိုက်မှုတွေကြားကနေ အရေးကြီးတဲ့ ချန်ပီယံလိဂ်အမှတ်တွေကို ရယူပြီး ပရိသတ်တွေရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့ မျှော်လင့်နေပါတယ်။