ချယ်လ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စ်ကာက သူတို့အသင်းအနေနဲ့ အမှတ်ပေးဇယားထိပ်က လီဗာပူးလ်အသင်းကို အနီးကပ် ဖိအားပေးလာနိုင်ပေမယ့်လည်း ဒီရာသီမှာတော့ သူတို့က ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဆင်သင့် မဖြစ်သေးဘူးလို့ မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းက ဒီရာသီအစမှာပဲ နည်းပြပိုချက်တီနိုနဲ့ လက်တွဲဖြုတ်ခဲ့ပြီး လက်စတာကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ပို့ဆောင်ပေးခဲ့တဲ့ နည်းပြ မာရက်စ်ကာကို နည်းပြသစ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။ မာရက်စ်ကာက မန်စီးတီးမှာလည်း နည်းပြကြီး ဂွာဒီယိုလာရဲ့ လက်ထောက်အဖြစ် ဆောင်ရွှက်ခဲ့ဖူးပါသေးတယ်။

Photo Credit : Chelsea Photos

မာရက်စ်ကာလက်ထက်မှာ ချယ်လ်ဆီးက ကစားသမား အဝင်အထွက်တွေ ကြမ်းခဲ့ပေမယ့်လည်း အသင်းက လက်ရှိ ပရီးမီးယားလိဂ် (၁၅)ပွဲအထိ ကစားထားပြီးချိန်မှာ နိုင်ပွဲက (၉)ပွဲ သရေပွဲ (၄)ပွဲနဲ့ ရှုံးပွဲက (၂)ပွဲတည်းသာ ရှိခဲ့သလို အမှတ်ပေးဇယားမှာလည်း အဆင့်(၂)နေရာအထိတောင် ရပ်တည်ထားနိုင်ခဲ့ပါတယ်။

အခုဆိုရင် မာရက်စ်ကာရဲ့ ချယ်လ်ဆီးက အဆင့်(၂)နေရာမှာ ရပ်တည်နေရင်း ဇယားထိပ်က လီဗာပူးလ်ထက် (၁)ပွဲပို ကစားထားရင်း (၄)မှတ်ကွာ အနေအထားအထိ ရောက်ရှိလာခဲ့သလို ချယ်လ်ဆီးဟာ လီဗာပူးလ်အတွက် အနီးစပ်ဆုံး ဖိအားပေးလာတဲ့ အသင်းတစ်သင်းလည်း ဖြစ်လာခဲ့ပါတယ်။

Photo Credit : Chelsea Photos

ဒီအခြေအနေမှာ ဘောလုံးပရိသတ်တွေနဲ့ ချယ်လ်ဆီးပရိသတ်တွေက ချယ်လ်ဆီးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဓိက စိန်ခေါ်နိုင်သူတွေ ဖြစ်လာပြီလို့ ယူဆလာကြပေမယ့် ချယ်လ်ဆီးနည်းပြ မာရက်စ်ကတော့ သူတို့အသင်းက ဒီရာသီမှာ အမှတ်ပေး ဆုဖလားအတွက် အဆင်သင့် ဖြစ်မနေသေးဘူးလို့ပဲ ယတိပြတ် ပြောဆိုလာပါတယ်။

“အာဆင်နယ် စီးတီးနဲ့ လီဗာပူးလ်အသင်းတွေက ဒီပွဲမှာ ကူကူရယ်လာ slip ဖြစ်သလိုမျိုး မဖြစ်နိုင်ကြပါဘူး။ အလေးအနက်ထားပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့က ဒီဆုဖလားကြီးအတွက် အဆင်သင့် ဖြစ်မနေသေးပါဘူး။ ကျွန်တော်တို့က ဒီအသင်းတွေနဲ့လည်း အလှမ်းဝေးနေပါသေးတယ်။ နေ့စဉ်နဲ့အမျှ အာရုံစိုက်ပြီး အသင်း တိုးတက်လာအောင် ကြိုးစားနေပါတယ်။” လို့ မာရက်စ်ကာက ပြောကြားသွားပါတယ်။