မနေ့ညက အန်ဖီးလ်ကွင်းမှာ အိမ်ရှင် လီဗာပူးလ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ လီဗာပူးလ်က နိုင်ပွဲရသွားခဲ့ရပေမယ့်လည်း သူတို့အသင်းကတော့ တစ်ပွဲလုံးနီးပါးကို ထိန်းချုပ်ကစားနိုင်ခဲ့တယ်လို့ ချယ်လ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

မိုဟာမက် ဆာလာရဲ့ ပင်နယ်တီဂိုးကို ဒုတိယပိုင်းအစမှာပဲ နီကိုလပ်စ် ဂျက်ဆန်က ပြန်လည် ချေပခဲ့ပေမယ့် ချက်ချင်းဆိုသလို ဆာလာ ဖြတ်တင် ပေးပို့မှုကနေ ကာတစ်ဂျုံးစ်က လီဗာပူးလ်အသင်းအတွက် ပြန်လည် ဦးဆောင်ခဲ့ရင်း လီဗာပူးလ်တို့ အိမ်ကွင်းမှာ (၃)မှတ်အပြည့် ရရှိသွားခဲ့ပါတယ်။

Photo Credit : Liverpool FC

ဒီပွဲမှာ ချယ်လ်ဆီးက ရှုံးပွဲ တွေ့ကြုံခဲ့ရပေမယ့်လည်း လီဗာပူးလ်အသင်းကို သေချာကစားသွားနိုင်ခဲ့ပြီး အခွင့်အရေးတွေကလည်း လီဗာပူးလ်ထက်တောင် ပိုမို ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ချယ်လ်ဆီးရဲ့ အဓိက ကစားသမား ကိုးပါလ်မာက အနည်းလေး ပျောက်နေခဲ့သလို ဂျက်ဆန်ကလည်း ချေပဂိုး သွင်းယူခဲ့ပေမယ့် တစ်ပွဲလုံး ခြေပျောက်နေခဲ့ရပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးနည်းပြ မာရက်စ်ကာကတော့ တစ်ပွဲလုံး အတိုင်းအတာအရ အားရစရာကောင်းတယ်လို့ သတ်မှတ်ခဲ့ပြီး ရလဒ်ပိုင်းအရသာ စိတ်ပျက်မိရတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ “အသင်းရှုံးပွဲတွေ့တာတို့ အမှတ်တွေ ဆုံးရှုံးရတာကို ကျွန်တော်တို့ သဘောမကျပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ သဘောမကျမိပါတယ်။”

Photo Credit : We Ain’t Got No History

“တကယ်ဆိုရင် ကျွန်တော်တို့က အခုရလဒ်ထက် ပိုမိုတဲ့ ရလဒ်မျိုးနဲ့ ထိုက်တန်မှု ရှိခဲ့တာပါ။ ဒါပေမယ့်လည်း စွမ်းဆောင်ရည်ကတော့ တကယ်ကောင်းတယ်။ ကျွန်တော်အသင်းက ပွဲရဲ့ အချိန်အများစုမှာ ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ပိုရခဲ့တယ်။ ဘောလုံးပိုင်ဆိုင်မှုတွေလည်း ရရှိခဲ့တယ်။ ရှုံးနိမ့်ရတာကို မကြိုက်ပေမယ့် ဒီလို ပုံစံမျိုးနဲ့ ရှုံးနိမ့်ရတာကိုပဲ လိုချင်ပါတယ်။”

“ကျွန်တော်တို့အသင်းက ဘောလုံးရှိချိန်နဲ့ ဘောလုံးမရှိနေချိန်တွေမှာ အသင်းကစားပုံက ရဲရဲရင့်ရင့် ကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့တွေ ဒီပွဲအတွက် အကောင်းဆုံးပုံစံနဲ့ ပြင်ဆင်ထားခဲ့ပြီးတော့ ပွဲအတွင်းမှာလည်း အလုပ်ဖြစ်ခဲ့ပါတယ်။ အခွင့်အရေးတွေကိုတော့ ပိုပြီး အသုံးချနိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် အားလုံးခြုံငုံကြည့်မယ်ဆိုရင်တော့ ကျွန်တော့်ကစားသမားတွေရဲ့ စွမ်းဆောင်မှုအတွက် ပျော်ရွှင်မိပါတယ်။” လို့ မှတ်ချက်ပြု သွားခဲ့ပါတယ်။